နေပြည်တော် ဒီဇင်ဘာ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် တောင်ဆက်အင်းကျေးရွာအနီးရှိ ဝါးကတုတ် ရေလှောင်တမံတွင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် မွေးမြူထားသော ငါးခုံးမကြီး၊ တီလားပီးယားနှင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ရေပေါ်လှောင်အိမ် ငါးမွေး ကန်အတွင်း ငါးသားပေါက်များ ထည့်သွင်းပေးကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်သူများ ငါးသယံဇာတများကို အခြေခံသည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိရေးတို့အတွက် သဘာဝ မြစ်ချောင်းများနှင့် ဆည်၊ ကန်များအတွင်းသို့ နှစ်စဉ် ငါးသားပေါက်များ မျိုးစိုက်ထည့်ပေးလျက်ရှိရာ ယခုနှစ်တွင် ရှင်သန်နှုန်း ပိုမိုအားကောင်းသည့် နှစ်လက်မအရွယ် ငါးသားပေါက် ကောင်ရေ သိန်း တစ်ထောင်ကျော် ငါးမျိုးစိုက်ထည့်ပေးနိုင်ခဲ့သဖြင့် မူလလျာထားချက်ထက် ကျော်လွန် ဆောင်ရွက် ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၌ ငါး ပုစွန် ကဏန်းမွေးကန် ဧကပေါင်း ငါးသိန်းခန့် လုပ်ကိုင် ဆောင်ရွက်နေသော်လည်း ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုဖြစ်စေရေးအတွက် မွေးမြူထုတ်လုပ်မှုတိုးချဲ့ရေး၊ ကောင်းမွန်သော ငါးမွေးမြူရေးစနစ် GAqP (ဂျီအေကျူပီ) လိုက်နာကျင့်ကျင့်သုံးမှု တိုးပွားလာရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အကန့် အသတ်များ ရှိနေပြီး အရင်းအနှီးစရိတ် များပြားသည့် ငါးကန်များ တူးဖော်လုပ်ကိုင်ခြင်းအစား အခြေအနေပေးသည့် သဘာဝ ရေပြင်ကျယ်များတွင် ရေပေါ်လှောင်အိမ် စနစ်ဖြင့် ရေချို ငါး ပုစွန် မွေးမြူ လုပ်ကိုင်နိုင်ရန် ပညာပေးဆောင်ရွက်လျက်ရှိပြီး ဒေသခံများ ဦးစားပေးလုပ်ကိုင်နိုင်ရေး၊ လုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်ရေးတို့ကိုလည်း စနစ်တကျ စီမံဆောင်ရွက် ပေးလျက်ရှိရာ သက်ဆိုင်သူ အားလုံးက ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှော်ကား ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိကြပြီး (GAqP) စနစ် ငါးမွေးမြူရေးကန် တည်ဆောက်မည့် အခြေအနေနှင့် ဒေသနှင့် ကိုက်ညီသည့် ပြည်တွင်း၊ ပြည်ပ ငါးမျိုးသစ်များ သားဖောက်ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များ သုတေသနပြု ဖော်ထုတ်၍ သားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေငန်ငါး နမူနာရုပ်ကြွင်းပြခန်း၊ ဝေလငါးပြာ အရိုးစုနှင့် ရေချိုငါးနမူနာ ရုပ်ကြွင်းပြခန်းများကို ကြည့်ရှုစစ်ဆေး သည်။
အလားတူ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ငါးလုပ်ငန်း အတတ်သင် သိပ္ပံကျောင်း၏ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများ၊ အိပ်ဆောင်များနှင့် စားရိပ်သာများ တည်ဆောက် ပြီးစီးမှုနှင့် ကျောင်းဖွင့်ရာသီအမီ ကြိုတင်ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ် (၉)မိုင်ရှိ ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာန၊ တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမတွင် တိုင်းအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်က ချမှတ်ထားသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများအပေါ် လက်တွေ့ အကောင်အထည်ဖော ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


