လွိုင်ကော်  ၂၉  ဇွန်

 

လွိင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ဆုံးရှုံးမှု နည်းပါး စေရန် ရည်ရွယ်ပြီး လောပီတ ကျေးရွာအုပ်စု ၊ ကျောက်တောင်ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီက ဝက်ဝမ်းကျရောဂါ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ဝက်ခြံပတ်ဝန်းကျင်အား ပိုးသတ်ဆေး ဖျန်းခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်သူထွန်း မြို့နယ်ဦးစီးမှူး ဒေါက်တာတိုးညွန့်၊ ဒုဦးစီးဒေါက်တာချစ်နှင်းဝေ၊ လွိုင်ကော်ကျေးလက် ဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းတာဝန်ရှိသူ ဦးကျော်သူရဝင်းတို့က လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး ရာသီကာလ အပိုင်းအခြားအလိုက် ဝက်များတွင် ဖြစ်ပွားတတ်သည့် ရောဂါအကြောင်း အသိပညာ ပေးခြင်း၊ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်သတိပြုစရာ အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြသည်။

 

ယနေ့တွင် ကျောက်တောင်ကျေးရွာရှိ မြစိမ်းရောင် စီမံကိန်းချေးငွေဖြင့် ဝက်မွေးမြူသူများအပြင် တပိုင်တနိုင် မွေးမြူထားသော ဝက်ကောင်ရေ ၄၀ ကောင်အား ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ကျန်ရှိကျေးရွာ များတွင်လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကိုစိုင်း (လွိုင်ကော်)