သတင်းဆောင်းပါး- နဒီမင်း၊ ဓာတ်ပုံ- နေဇော်
“ဝါးပင်’’ မှသည် လှပသေသပ်၍ စွဲမက်ဖွယ်ကောင်းသည့် လက်ကိုင်အိတ် ကလေးများဖြစ်လာစေရန်မိမိ ကျွမ်းကျင်သော လက်မှုအတတ်ပညာဖြင့် အနုစိတ် ဖန်တီးရက်လုပ်နေသည့် အမျိုးသမီးတစ်ဦး။ သူက ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာမှ မစန်းသီတာပင် ဖြစ်သည်။
‘‘ရန်ကုန်မှာတော့ ဒါကို ပခြုပ်လို့ခေါ်တာပေါ့။ ဒီဖာပုံစံလေးတွေကို အဖုံးနဲ့ပိုက်ဆံအိတ်လေးတွေ၊ လွယ်အိတ် ပုံစံမျိုးတွေလုပ်တာ။ အရင်က လက်လီလက်ကားရောင်းတာပေါ့။ အခုတော့သမဝါယမနဲ့ ပူးပေါင်းလုပ်တယ်၊ ပစ္စည်းအမှာရှိရင် မှာတဲ့ပုံစံအကုန် လုပ်ပေးပါတယ်’’ ဟု သူကဆိုသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးနေသည့် အချိန်မျိုးမှာပင် စားဝတ်နေရေး အခက်အခဲကို သူ၏တစ်နိုင်တစ်ပိုင် ဝါးလက်မှုလုပ်ငန်းက တစ်ဖက်တစ်လမ်းမှ အတော်အသင့် အထောက်အကူ ပေးနိုင်သည်ဟု မစန်းသီတာက ဆိုသည်။
‘‘အခုလို အလုပ်အကိုင်ရှားပါးတဲ့ အချိန်မှာ အလွန်ကြီးတော့ အခြေအနေမဆိုးသေးဘူး။ သူ့ဟာနဲ့သူ အသင့်အတင့်တော့ စားဖို့သောက်ဖို့တော့ ရပါတယ်။ အရင်ထက်စာရင်တော့ မကောင်းသေးဘူးပေါ့။ အခုလက်ရှိ နိုင်ငံခြားကို ပို့ဖို့ဆိုပြီး ပခြုပ်မျိုးစုံ အချောရက်လုပ်ပေး နေရတာရှိတယ်’’ဟု မစန်းသီတာက ပြောသည်။
မစန်းသီတာနေထိုင်ရာ ကော့မှူးမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဝါးအများအပြား ပေါက်ရောက်ရာ၊ ဝါးစိုက်ဧက အများဆုံးမြို့နယ်များ စာရင်း၌တစ်ခုအပါအ၀င်ဖြစ်ရာ ကျေးရွာများအတွင်းရှိ ဒေသခံအများစုသည် ဝါးကိုအခြေခံသော လက်မှုလုပ်ငန်းများကို တစ်ဦးချင်းသော် လည်းကောင်း၊ မိသားစုလိုက်သော် လည်းကောင်း တစ်နိုင်တစ်ပိုင် လုပ်ကိုင် ကြသည်။
‘‘ဒီမှာက လက်ခစားတော့မရှိဘူး။ အိမ်မှာတစ်ပိုင်တစ်နိုင် မိသားစုလုပ်ကြတာပဲ။ တစ်ယောက်ရှိလဲ တစ်ယောက် နိုင်သလောက်ပေါ့။ အခြားရွာတွေကတော့ ဗန်းရက်တယ်။ ဆန်ကော၊ ဆန်ခါ ရက်တယ်။ ကျောက်ပျဉ်အုပ်ကလေးတွေ လုပ်တယ်။ ကျွန်မတို့ လက်ခိုက်တစ်ပိုင်ကတော့ ဒီပခြုပ်တစ်မျိုးပဲလုပ်တာပေါ့’’ဟု မစန်းသီတာက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများ၏ လူနေမှုဘဝများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ပွင့်လန်းလာစေရန်၊ ‘‘ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုစီမံချက်’’ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း စသည့် ခရိုင်သုံးခုတွင် စတင်အကောင်အထည် ဖော်လျက်ရှိရာတွင် ကော့မှူးမြို့နယ်အတွက် ဝါးအခြေခံလက်မှုထုတ်ကုန်၊ တိုက်ကြီးမြို့နယ်အတွက် ဘောလယ် ငါးပိနှင့် မှော်ဘီမြို့နယ်အတွက် တံမြက်စည်း စသဖြင့် သတ်မှတ်ကာ စီမံချက်အောင်မြင်ရေးအတွက် ပံ့ပိုးဆောင်ရွက် လျက်ရှိသည်။

‘‘ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု စီမံချက်က ခရီးသွားလုပ်ငန်းတွေ ပြန်ပြီးဦးမော့လာတာနဲ့ ကိုယ့်ဒေသကထွက်တဲ့ ကုန်နဲ့ စျေးကွက်တွေရလာမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလဲ ရလာမယ်။ စျေးကွက်လဲ ကျယ်ပြန့်သွားမှာပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာ မြင့်က ပြောသည်။
ထို့ပြင် ကော့မှူးမြို့နယ်၏ ဝါးလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ဝါးလက်မှုပစ္စည်းများ တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်ရေးအတွက် လိုအပ်သည့် မတည်ရင်းနှီးငွေများကို ဦးစီးဌာန အဆင့်ဆင့်မှ သတ်မှတ်ထားသော အတိုးနှုန်းဖြင့် ပံ့ပိုးပေးနိုင်ရန်၊ သမဝါယမ အသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်စေရန်အတွက် ကော့မှူးမြို့နယ် အတွင်းရှိ ဘုရားလမ်းရပ်ကွက် လက်ခိုက်ကျေးရွာ၊ တောင်ချောင်ကျေးရွာ၊ မြောက်ချောင်ကျေးရွာ၊ ကညင်ငူကျေးရွာစသည့် ရပ်ကွက်၊ ကျေးရွာတို့မှ ဝါးလက်မှု လုပ်ငန်းလုပ်ကိုင်သူ၊ လုပ်ငန်းတူ ဆန္ဒတူ စိတ်တူကိုယ်တူ အသင်းသားဦးရေ ၁၅ ဦးဖြင့် ဝါးအခြေခံလက်မှုလုပ်ငန်း သမဝါယမအသင်းကို ဖွဲ့စည်းထားရှိသည်။
အဆိုပါအသင်းမှ ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်ရာတွင် စျေးကွက်တွင် အမြင်လှပြီး အရည်အသွေးမီသည့် ဆန်းသစ်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အတွက် ကော့မှူးမြို့နယ်အတွင်းရှိ အသင်းသားများ၏ နည်းပညာအားနည်းချက်များကို အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာန၏ အကူအညီဖြင့် သင်တန်းများ ပို့ချပေးသည့်အပြင် အသင်းသားများ ပြုလုပ်ပြီးစီးသည့် ဝါးလက်မှုပစ္စည်းများကို ပေါက်စျေးပေး၍ ပြန်လည်ဝယ်ယူခြင်း၊ စျေးကွက်ရှာဖွေပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကော့မှူးမြို့နယ် သမဝါယမဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်စုစုထွေးက ‘‘ဝါးလက်မှုအထည်တွေရဲ့ အရည်အသွေးနဲ့ ထုတ်ကုန်လှပကောင်းမွန်အောင် ဆန်းသစ်တဲ့ ဒီဇိုင်းတွေထုတ်လုပ်နိုင်အောင် နည်းပညာသင်တန်းတွေ ဖွင့်လှစ်ပေးဖို့ရှိပါတယ်။ သမဝါယမ စနစ်အနေနဲ့ ငွေကြေးပံ့ပိုးမှုကိုတော့ အခုလက်ရှိထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ လက်မှု၊ စက်မှုပစ္စည်း လေးတွေကို ဝယ်ယူပံ့ပိုးပေးထားပါတယ်’’ဟု ပြောသည်။
၎င်းက ဆက်လက်၍ ‘‘စျေးကွက် အနေအထားကတော့ အခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မိုးဦးပန်း ဒေသထွက်ကုန် အရောင်းဆိုင်နှင့် အခြားမြို့နယ်များရှိ ဒေသထွက်ကုန်အရောင်း ဆိုင်တွေကို ပေးပို့ဖြန့်ဖြူးထားပါတယ်။ ပြည်နယ်/ တိုင်းဒေသကြီးတွေကိုလည်း ချိတ်ဆက်ဖြန့်ဖြူး ရောင်းချဖို့ရှိပါ တယ်’’ဟု ပြောသည်။
လက်ရှိအချိန်တွင် ကော့မှူးမြို့နယ် ကျေးရွာများမှ မိရိုးဖလာရက်လုပ်သည့် ဆန်ကော၊ ဆန်ခါနှင့် လူ့အသုံးအဆောင် ဝါးလက်မှုပစ္စည်းများအပြင် ခေတ်မီဆန်းသစ်စွာဖြင့် အနုစိတ်ဖန်တီးထားသည့် ဆပ်ပြာခွက်များ၊ ဖုန်းတင်စင်များ၊ တစ်သျှူးဘောက်များ၊ တိုင်ကပ် နာရီများ၊ ကော်ဖီခွက်များ၊ အလှပန်းအိုးများ၊ လင်ဗန်းများ၊ ပခြုပ်မျိုးစုံဖြစ်သည့် လက်ကိုင်အိတ်၊ ဖုန်းထည့်အိတ်၊ သင်္ကန်း ဘူးပုံစံဘူးကလေးများ၊ ပန်းအလှခြင်းများ၊ လက်ဆွဲခြင်းများကိုပါ ထုတ်လုပ် လာပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ‘‘ကော့မှူးက ဝါးနဲ့လုပ်တဲ့ လက်မှု ပစ္စည်းလေးတွေက စျေးကွက်တင် ရောင်းတဲ့အခါမှာ ဝယ်သူတွေ ကြိုက်တာတွေ့ရတယ်။ စမ်းသပ်ကာလဖြစ်တဲ့ အတွက် မဆိုးဘူးရောင်းရတယ် ပြောရမယ်။ ၂၀၂၂-၂၀၂၃ မှာလဲ အခြေအနေပေးတဲ့ ကုန်ပစ္စည်းတွေကို မြို့နယ်တိုင်းက ထွက်တဲ့ကုန်တွေကို ရှာဖွေပြီး စျေးကွက် မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒီလို ဒေသထွက်ကုန်လေးတွေ လုပ်ချင်တယ်ဆိုရင် သမဝါယမအနေနဲ့ ပံ့ပိုးပေးဖို့ အသင့်ပါ’’ဟု ပြောသည်။
မြန်မာနိုင်ငံအနှံ့ရှိ တောင်ပေါ်၊ မြေပြန့် ကျေးလက်ဒေသ လူမှု၀န်းကျင်တွင် ဝါးကိုအသုံးပြု၍ လူနေတဲအိမ် ကလေးများ၊ ခြံစည်းရိုး၊ တံတားများ၊ လှည်းပေါင်းမိုးများ ဆောက်လုပ်ကြသည့်အပြင် ဆန်ကော၊ ဆန်ခါ၊ ခြင်းတောင်း၊ ပလုံး၊ ယောက်မ၊ ကွမ်းအစ်၊ ရေခွက်၊ ရေကျည်တောက်၊ ဦးထုပ်၊ စုဘူး၊ ခမောက်၊ တောင်ဝှေး၊ ကုလားထိုင်၊ စားပွဲနှင့် မြန်မာ့ရိုးရာအနုပညာလက်ရာ များဖြစ်သည့် ပလွေ၊ ပတ္တလား၊ ဝါး လက်ခုပ်၊ ယွန်းထည်ပစ္စည်းအမျိုးမျိုး သာမက အခြားသော ဝါးနှင့်မကင်းသည့် အသုံးအဆောင်ပစ္စည်းများသည်လည်း အမျိုးအမည်များစွာ ကျန်ရှိနေသေးသည်။
ရှေးယခင်ကတည်းကပင် ဝါးကို ခွဲခြမ်းစိတ်ဖြာ၍လည်းကောင်း၊ အလုံးလိုက်သော်လည်းကောင်း နေရာစုံ ကဏ္ဍစုံ အသုံးပြုခဲ့ကြသည်ဖြစ်ရာ ဝါးနှင့် ပတ်သက်သော မိရိုးဖလာ လက်မှုပညာသည် ကျေးလက်နေ ပြည်သူတို့အတွက် စိမ်းလှသည့်ပညာရပ်ကား မဟုတ်ပေ။
ဝါးကို အိမ်နီးချင်းနိုင်ငံများတွင် အိမ်ဆောက်ပစ္စည်းအဖြစ်သာမက ဝါးကတစ်ဆင့် ရိုးရာလက်မှုပစ္စည်းများ၊ ခေတ်မီ လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် အဆင့်မြင့်တင် ထုတ်လုပ်လာကြသလို မြန်မာနိုင်ငံတွင်လည်း ဝါးနှင့် ပတ်သက်သော ကုန်ချော၊ ကုန်ကြမ်းနှင့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ပြီး စျေးကွက်ရရှိရေး၊ လက်မှုပညာနှင့် ပတ်သက်၍ ပြည်ပသို့ ထိုးဖောက်နိုင်ရေး၊ ခရီးသွားဧည့်သည်များ ဆွဲဆောင်နိုင် ရေးတို့အတွက် အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များက ကြိုးပမ်းဆောင်ရွက် နေကြသည်ကို မြင်တွေ့ကြားသိနေရသည်။
ကျေးလက်ဒေသများတွင် သဘာဝ အတိုင်းပေါက်လေ့ရှိပြီး စိုက်ပျိုးသည့် အခါတွင်လည်း လွယ်လင့်တကူ စိုက်ပျိုး နိုင်သည့် ဝါးပင်မှတစ်ဆင့် ခေတ်မီ ဆန်းသစ်သော၊ နိုင်ငံတကာစျေးကွက် တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဝါးလက်မှု ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် စွမ်းဆောင်လာခြင်းဖြင့် ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်မြင့်မားလာမည်ဖြစ်သည်။
မိမိနေထိုင်ရာဒေသကို မိမိတို့၏ ဒေသထွက်ကုန်၊ ထုတ်ကုန်များနှင့်အတူ ယှဉ်တွဲကာ လူသိများထင်ရှားစေပြီး အိမ်တွင်းစီးပွားမှသည် ဒေသတစ်ခု စီးပွားရေး ထိုမှသည် နိုင်ငံ့စီးပွားမြင့်မားရေးကိုပါ အထောက်အကူပြုလာစေမည့် ‘‘ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု စီမံချက်’’ နှင့်ပတ်သက်၍ ဝါးပခြုပ်ကလေးများရက်လုပ်သူ ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာမှ မစန်းသီတာက ‘‘ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုလုပ်တဲ့ အခါကျတော့ ကိုယ့်ရွာအတွက်ရော ကိုယ့်အတွက်ရော ထွန်းထွန်းပေါက် ပေါက်လုပ်ချင်တဲ့စိတ်ရှိတော့ ခုနောက်ပိုင်း ဒီဇိုင်းဆန်းလေးတွေပါ စမ်းပြီး လုပ်ကြည့်တယ်။ ဆေးခြယ်တာကစလို့ပေါ့၊ လုပ်ငန်းတွင်ကျယ်ရင် တွင်ကျယ်လာသလို ကိုယ့်စီးပွားဝင်ငွေလေးလဲ ဖြောင့်လာမှာပဲလေ’’ဟု စကားဆိုခဲ့သည်။