ဝမ်းဗိုက်အဆီဆိုတာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များတဲ့ အဆီမျိူးပါ။ ဆီးချိုနဲ့နှလုံးရောဂါတွေ အဓိက ဆောင်ကြဉ်းပေးတတ်တဲ့အရာဖြစ်ပြီး အဝတ်အစားဝတ်တဲ့နေရာမှာလဲ ကြည့်ရဆိုးစေပါတယ်။ ဒီလိုဆိုဝမ်း ဗိုက်အဆီတွေကို ဘယ်လိုအနိုင်ယူတိုက်ထုတ်နိုင်မလဲကြည့်လိုက်ရအောင်။
(၁) အမျှင်ဓာတ်များများစားပါ။ ရေမှာပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဥပမာ ထောပတ်သီး၊ ဖရဲသီး၊ ပဲပင်ပေါက်၊ ဘလက်ဘယ်ရီသီး စတာတွေ ကို စားသုံးပေးတဲ့ အခါ ဝမ်းဗိုက်အဆီ လျော့ကျစေတာ ကို တွေ့ရှိရပါတယ်။
(၂) Trans fat ကိုလုံးဝရှောင်ကြဉ်ပါ။ Trans fat ဆိုတာ မပြည့်ဝဆီတွေကို ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ရောက်တဲ့အခါဖြစ်ပေါ်လာတာပါ။ ထောပတ်နဲ့ တာရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်တွေမှာ trans fat ပါဝင်နိုင်တာမို့လို့ သတိထားရှောင်ရှားသင့်ပါတယ်။
(၃) အရက်ကိုအလွန်အကျွံမသောက်ပါနဲ့။ အရက်ဟာ အသည်းခြောက်ခြင်း၊ အသည်းရောင်ခြင်းတွေကိုဖြစ်စေတဲ့အပြင် ဝမ်းဗိုက်အဆီကိုတိုးပွားစေတဲ့ အဓိကတရားခံထဲကတစ်ဦးမို့ အရက်ကိုအလွန်အကျွံမသောက်သင့်ပါဘူး။
(၄)အသားဓာတ်ကြွယ်ဝတဲ့အစာများများစားပါ။ အသားဓာတ်လုံလောက်စွာရရှိခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာ အင်မတန်အရေးပါပါတယ်။ အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေအပါအဝင် ပဲအမျိုးမျိုးကနေလဲ အသားဓာတ်ကိုရရှိနိုင်ပါတယ်။
(၅) စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။ သုသေတနတွေအရ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ကော်တီဇောဟာ အစာစားချင်စိတ်ကိုမြင့်တက်စေပြီး ဝမ်းဗိုက်မှာအဆီစုတာကိုလည်း အားပေးပါတယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။
(၆)သကြားဓာတ်၊ အချိုလျှော့စားပါ။ သကြားမှာ fructose လို့ခေါ်တဲ့ဓာတ်ပါပါတယ်။ အလွန်အကျွံစားမိတဲ့အခါနှလုံးရောဂါ၊ အမျိူးအစားနှစ်
ဆီးချိူရောဂါ အဝလွန်ခြင်းနဲ့ အသည်းအဆီဖုံးရောဂါတွေကို ဖြစ်စေပါတယ်။သကြားကို အချိူကိုတတ်နိုင်သရွေ့လျှော့စားပါ။ ဖြူဖွေးအောင်အရောင်ချွတ်ထားတဲ့ သကြားတွေအစား သကြားညို၊ ပျားရည်စတာတွေကိုအစားထိုးသုံးစွဲသင့်ပါတယ်။
(၇) Cardio (အေရိုးဗစ်) လေ့ကျင့်ခန်းလုပ်ပါ။ အေရိုးဗစ်ကစားခြင်းဟာ ကယ်လိုရီအမြားအပြားကိုလောင်ကျွမ်းစေပြီး ကျန်းမာရေးကိုထိထိရောက်ရောက်တိုးတက်စေပါတယ်။တစ်ပတ်ကို အေရိုးဗစ်လေ့ကျင့်ခန်း ငါးနာရီလုပ်နိုင်ရင် သင့်ဝမ်းဗိုက်အဆီတွေကို ထိထိရောက်ရောက်ကျဆင်းစေပါတယ်။
(၈)ကာဗိုဟိုက်ဒရိတ်ဓာတ်ကိုလျှော့ချပါ။ ထမင်း၊ဆန်နဲ့လုပ်တဲ့မုန့်၊ ကောက်ညှင်း၊ အာလူး၊ ဂျုံ၊ ပြောင်း စတာတွေမှာ ပါတဲ့ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ချ ခြင်းဟာ ဝမ်းဗိုက်အဆီကို သိသိသာသာကျဆင်းစေပါတယ်။
ရေးသားသူ Dr. Seinn Moe Satt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”