ပုလဲ   ၅  မတ်

 

ဝါမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်‌ကျေးရွာရှိ ဦးတင်ထွန်း၏ ဝါဒိုင်၌ ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းရှိန်က အမှာစကား ပြောကြားခဲ့ပြီး မုံရွာမြို့ သိန်းမင်းဝါကြိတ်စက်ရုံ တာဝန်ခံ ဦးဝင်းမြင့်က ပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးဝင်းနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးတို့က ဝါစိုက်ပျိုးမှု နည်းပညာများကို ပညာပေးဆွေးနွေးခြင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်ထွေးဝင်း၊ ပိုးမွှားတာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်စန်းနှင့် မျိုးစေ့တာဝန်ခံဦးစီးအရာရှိ ဒေါ်စန္ဒာမိုးတို့က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆွေးနွေးဟောပြောခဲ့သည်။

 

အဆိုပါ ပညာပေးဆွေးနွေးပွဲသို့ မင်းတိုင်ပင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ပြီး သိရှိလိုသော အချက်အလက်များကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပြီး ဝါစိုက်ပျိုးမှု ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

 

မြင့်သိန်းစိုး(ပြန်/ဆက်)