ဝမ်းနည်းခြင်း အထိမ်းအမှတ်မှသည် ……

အင်္ဂါ၊ ဇူလိုင် ၉၊ ၂၀၁၉ မိုးသည် တစိမ့်စိမ့်ရွာနေသည်။ “....ဝမ်းနည်းခြင်း အထိမ်းအမှတ် ...နှစ်မိနစ်ငြိမ်”


အခမ်းအနားမှူး၏ အစီအစဉ်အတိုင်း ငြိမ်သက်လိုက်ကြသည်။
 

စိတ်တွင်ကား အမှန်တကယ်ပင် ဝမ်းနည်းနေမိသည်။ လွန်ခဲ့သေ ာရက်အနည်းငယ်အတွင်း ဆရာ၊ ဆရာမတို့က ဤရက်အကြောင်းကို ဟောပြောခဲ့ကြသည်။
 

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောသည်။ အစည်းအဝေး လုပ်နေစဉ် လူတစ်စုက သေနတ်များဖြင့် ဝင်ပစ်သဖြင့် ဗိုလ်ချုပ်နှင့် လူကြီးတွေ ကျဆုံးခဲ့ရသည်ဟုလည်း ပြောသည်။
 

အစည်းအဝေးခန်းမှ ပြန်အထွက်တွင် သက်တော်စောင့် ရဲဘော်လေး ကိုထွေးကိုလည်း ပစ်သတ်ခဲ့ကြသည်ဟု ဆိုသည်။ ဂဠုန်ဦးစောနှင့် သေနတ်သမားများကို ကြိုးစင်တင်၍ ပြစ်ပေးခဲ့ကြဟုလည်း ပြောသည်။ ဆရာ၊ ဆရာမတို့ ပြောသည့်အထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လေးစားစရာ လူတစ်ယောက်ဖြစ်ကြောင်း မှတ်မိသည်၊ သူ့ကိုအားကျသည်။ အစည်းအဝေးခန်းထဲသို့ သေနတ်တွေနဲ့ ဝင်ပစ်ကြပုံကို မှတ်မိသည်။ လေးစားစရာ အားကျသည့်ပုဂ္ဂိုလ် သေနတ်သမားများ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်ကို နှမြောသည်။ 


အမှန်တကယ် ဝမ်းနည်းနေမိ
 

သက်တော်စောင့် ရဲဘော်လေး ကိုထွေးကို သနားသည်။ ဂဠုန်ဦးစောဆိုသည့် နာမည်ကို မှတ်မိသည်။ ဂဠုန်ဦးစောနှင့် သေနတ်သမားတွေကို အကျင့်ယုတ်သည်ဟု ထင်သည်။ မတရားလုပ်သူများဟု သတ်မှတ်သည်။ သူတို့ကို အပြစ်ပေးသည့်အတွက် ကျေနပ်သည်။ ထိုထက်ကား ထူးပြီး မမှတ်မိ။ သို့ရာတွင် မိုးတစိမ့်စိမ့်ရွာနေစဉ် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ငြိမ်သက်နေချိန်တွင် အမှန်တကယ် ဝမ်းနည်းနေမိသည်ကား အမှန်ပင်ဖြစ်သည်။ ဤသည်လည်း မည်သည့်အတွက် ဆိုသည်ကား ပြောမပြတတ်။
 

ဆရာ၊ ဆရာမတို့က ဤနေ့အကြောင်းကို ပြောမပြခဲ့လျှင်ကား ဝမ်းနည်းမိချင်မှ ဝမ်းနည်းမိလိမ့်မည်။ မိုးရေထဲတွင် အဓိပ္ပာယ်မဲ့စွာ ရပ်နေခဲ့ရသည်ဟုသာ ထင်မိပေလိမ့်မည်။


ဤသို့ အလယ်တန်းကျောင်းသားဘဝ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ခဲ့စဉ်က အတွေးတို့ကို ချရေးကြည့်ဖြစ်ပါသည်။ ကလေးအတွေးဟုပင် ဆိုကြပါစို့။


ထိုစဉ်က ဟောပြောခဲ့ကြသည့် ဆရာ၊ ဆရာမတို့သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ မတိုင်မီ နှစ်အနည်းငယ်နှင့် ထိုနေ့နောက်ပိုင်းမှ မွေးဖွားလာသူများသာ ဖြစ်ကြသည်။ ထိုနေ့ ထိုကာလ အပိုင်းအခြားတွင် သူတို့သည် ကလေးငယ်များ သို့မဟုတ် လှူလောကထဲသို့ မရောက်လာသေးသူများသာ ဖြစ်ကြသည်။ သို့ဖြစ်၍ သူတို့သည်လည်း အာဇာနည်နေ့ အကြောင်းကို တစ်ဆင့်စကားဖြင့်သာ အစပြုသိရှိခဲ့ကြသူများ ဖြစ်ပေမည်။ တစ်ဖန် ထိုသူတို့၏ပြောပြချက်အရ ထိုနေ့အကြောင်းကို မိမိတို့ သိခွင့်ရခဲ့ပြန်သည်။ အတိတ်သမိုင်း တစ်ခုကို အဆင့်ဆင့်လက်ဆင့်ကမ်းခြင်း မည်ပေသည်။

 
ဒြပ်မဲ့အမွေသည်စွမ်းအားကြီး

 
ထိုသို့ လက်ဆင့်ကမ်းခြင်းသည် အကောင်အထည် ဆုပ်ကိုင်ပြ၍မရသည့် ဒြပ်မဲ့အမွေပင်ဖြစ်သည်။ သို့ရာတွင် ထိုဒြပ်မဲ့အမွေသည် စွမ်းအားကြီးသည်။ ကျောင်းသားအရွယ် ကလေးငယ်များ၏ နုနယ်သည့် နှလုံးသားသို့ ထိုးဖောက် ဝင်ရောက်၍ ထာဝစဉ်ကိန်းအောင်း နေပေတော့သည်။ သို့ဖြစ်၍ ထိုသို့စွမ်းအားကြီးသည့် ဒြပ်မဲ့အမွေမျိုးကို ကျောင်းနေအရွယ် ကလေးငယ်များကို များများပေးရမည်ဟု ထင်သည်။ တစ်ဦးချင်းစီ၏ စွမ်းအားသည် နိုင်ငံ့စွမ်းအားပင် မဟုတ်ပါလော။ထိုသို့ ဒြပ်မဲ့အမွေကို လက်ဆင့်ကမ်းရာတွင် လက်ခံသူ တို့၏ အသက်အရွယ်အရ အထက်တွင်ဆိုခဲ့သည့်အတိုင်း အသေးအမွှားမျှသာ လက်ခံလိုက်နိုင်မည်ဖြစ်သည်။ သို့ရာတွင် ပြဿနာမရှိ။ ထိုအသေးအမွှားသည် သေးငယ်သည့် မျိုးစေ့ တစ်စေ့ပမာဖြစ်၏။ ကြီးမားသည့်ညောင်ပင်ကြီးသည် သေးငယ်သည့် မျိုးစေ့က ပြောင်းလဲဖြစ်တည်လာခြင်းသာဖြစ်၏။ သို့ဖြစ် ၍ မျိုးစေ့ချပေးရန်သာ လိုရင်းဖြစ်သည်ကို သိရှိထား ရပေမည်။


သေးအမွှားမျိုးစေ့လေး

 
လူတို့သည် ငယ်ရာကကြီးလာကြသည်။ ငယ်စဉ်ကသိခဲ့သည့် အသေးအမွှားကို အကျယ်ချဲ့ ကြည့်လိုလာသည်။ မိမိလေးစားသည်၊ အားကျသည်ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း သည် ဘယ်လိုလူမျိုးနည်း။ တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့သနည်း။ ဘယ်ပုံဘယ်နည်း ကျဆုံးခဲ့ရသနည်းဆိုသည်တို့ကို လေ့လာဖြစ်ခဲ့သည်။လုပ်ကြံမှုကို ဦးဆောင်ကြံစည်ခဲ့သည့် ဂဠုန်ဦးစော ကကော ဘယ်လိုလူမျိုးလဲ။ ကြံရာပါလက်ပါးစေတွေကကော ဘယ်သူတွေလဲ။ သူတို့ဘာတွေ လုပ်ခဲ့ကြတာလဲ။ ပြီးတော့ ဘာတွေဖြစ်သလဲဆိုတာတွေကို အသေးစိတ် သိလိုလာသည်။ ဖတ်ရှုလေ့လာဖြစ်ခဲ့သည်။ ထိုသို့လေ့လာရင်း ထိုခေတ်နိုင်ငံရေး အခြေအနေ၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတို့ကို သိခွင့်ရခဲ့သည်။ ထိုအကြောင်းအရာများထဲက အမှားနှင့်အမှန် သင်ခန်းစာ ယူစရာများကို ဖော်ထုတ်တတ်လာသည်။ ဤသည်မှာ အထက်တွင် တင်ပြခဲ့သည့် အသေးအမွှားမျိုးစေ့လေးက ဖြစ်တည်ရှင်သန်လာသည့် အသီးအပွင့်များပင် ဖြစ်ပေလိမ့်မည်။

 
အောက်မေ့သတိရ ဂုဏ်ပြုသောအားဖြင့်


သို့ဖြစ်၍ ငယ်စဉ်ကျောင်းသား ဘဝက အာဇာနည်နေ့အကြောင်းကို ဟောပြောပို့ချပေးခဲ့ကြသည့် ဆရာ၊ ဆရာမတို့ကို အောက်မေ့ သတိရဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ ထိုအကြောင်းအရာကို ကျောင်းသူ၊ ကျောင်းသားများသို့ လက်ဆင့်ကမ်းဟောပြောကြဦးမည့် ဆရာ၊ ဆရာမတို့ အလွယ်တကူ ကိုးကားနိုင်ရန်အတွက် လည်းကောင်း မိမိလေ့လာသိရှိရသမျှကို ရေးသားဖော်ပြရန် စိတ်ကူးမိပါသည်။


ဤသို့ ရေးသားဖော်ပြရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်ဆိုင်သည့် အကြောင်းအရာတို့အတွက် ရှာဖွေလေ့လာရန် စာအုပ်စာစောင် အမြောက်အမြား ရှိနေသည့်အတွက် ချန်လှပ်ထားခဲ့လိုပါသည်။ ထို့အပြင် နောက်ခံအကြောင်းအရာ များစွာရှိနေသော်လည်း ထိုနေ့နှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်၊ ထိုနေ့က အဖြစ်အပျက်၊ အဖြစ်အပျက်၏ အကျိုးဆက်မျှကိုသာ ကွက်၍ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

 
လုပ်ကြံမှုကြီး၏ခေါင်းဆောင်

 
လုပ်ကြံမှုကြီး၏ ခေါင်းဆောင်မှာ ဂဠုန်ဦးစောဖြစ်သည်။ ထိုအမည်ကို ငယ်စဉ်ကတည်းကပင် မှတ်မိနေခဲ့သည်။ သူသည် အကြံကြီးသူ၊ အငြိုးအတေးကြီးသူဖြစ်သည်။ တစ်ယောက်တည်း ထမင်းစားရင်း အချိန်များစွာကြာအောင် အကြံထုတ် နေလေ့ရှိသည်။ သူ၏လျှို့ဝှက်အကြံအစည် မပေါက်ကြားစေရေးအတွက် သူ၏အစေအပါး အားလုံးထဲက မည်သူကိုမဆို သင်္ကာမကင်း ဖြစ်ရုံမျှဖြင့် အစဖျောက်ပစ်ရန် စီစဉ်ထားသည်။ စီစဉ်ထားပုံမှာ သူ့အိမ်ရှိ အစေအပါးအားလုံးကို “ကျွန်တော်သည် ကျွန်တော့် ကိုယ်ရေးကိုယ်တာအတွက် လောကကြီးကို စိတ်ပျက်သဖြင့် အသက်ရှင်၍ မနေလိုတော့ သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါသည်” ဟူသည့် စာကို ကိုယ်တိုင်ရေးသားထားစေသည်။ သင်္ကာမကင်းဖြစ်လျှင် ထိုသူကိုသေနတ်ဖြင့် ပစ်သတ်ပြီး အင်္ကျီအိတ်ထဲတွင်စာနှင့် လက်ထဲတွင် သေနတ်တစ်လက်ထည့်၍ တစ်နေရာတွင် စွန့်ပစ်ကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသည့်သဏ္ဌာန် ဖန်တီးပစ်မည့် သဘောဖြစ်သည်။


ကြံကြီးပေစွ

 
၁၉၄၇ ခုနှစ်၊ ဇွန်လနောက်ဆုံး ရက်သတ္တပတ်တွင် ဦးစော၏ နေအိမ်သို့ ဘရင်းဂန်းအလက် ၂၀ဝ၊ ပြောင်းပို ၂၀ဝ နှင့် လက်နက်ငယ်ကျည် ၁၃၀ဝဝဝ ရောက်ရှိလာခဲ့သည်။ ရောက်ရှိလာသည့် လက်နက်ခဲယမ်းများကို အင်းလျားကန် အတွင်းနှင့် နယ်မြို့များသို့ပါ ဖြန့်ခွဲ၍ ဝှက်ထားခဲ့သည်။ ထိုလက်နက်ခဲယမ်းများ မရောက်မီကတည်းကပင် ဘဏ်ဓားပြ တိုက်ရန် ကြံစည်ခဲ့သေးသည်ဖြစ်၍ ဦးစောထံတွင် ယခင်ကတည်းက လက်နက်ခဲယမ်းများ ရှိနှင့်နေသည်ကို သိနိုင်ပေသည်။

 
ထို့အပြင် နယ်ချဲ့အင်္ဂလိပ်စစ်တပ်နှင့် ဆက်သွယ်၍ အခြားသော လက်နက်ခဲယမ်းမြောက်မြားစွာ ထပ်မံရရှိရေး ကိုလည်း ဆောင်ရွက်ထားခဲ့သေးသည်။ နေအိမ်ခြံဝင်း အတွင်းတွင် ဦးစောအပါအဝင် ၎င်း၏လက်ပါးစေများသည် လက်နက်ငယ်ပစ်ခတ်မှုများကို လေ့ကျင့်ခဲ့ကြသည်။ ဤအချက်များနှင့်ပင် ဦးစော၏အကြံမှာ လုပ်ကြံမှုမအောင်မြင် ပါကဆိုသည့်အပြင် လုပ်ကြံပြီးပါက ဆိုသည်အထိ ရည်ရွယ်ချက် အမျိုးမျိုးရှိနိုင်သည်ကို တွေ့ရပေသည်။ အကြံကြီးပေစွ။

 
ဗိုလ်ချုပ်ကိုအဓိကဦးတည်၍ ..

 
ကာလအားဖြင့် နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရရန် ကြိုးပမ်းနေစဉ်ကာလဖြစ်သည်။ လွတ်လပ်ရေးရရန် လက်တစ်ကမ်းမျှသာ လိုတော့သည်။ အချိန်အားဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ဖြစ်သည်။ နေရာမှာ ရန်ကုန်မြို့ အတွင်းဝန်များ ရုံးအပေါ်ထပ် အစည်းအဝေးခန်းတွင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ကက်ဘိနက် အစည်းအဝေး ကျင်းပနေသည်။ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးအုန်းမောင်က ဝန်ကြီး ကိုယ်စား တင်ပြနေစဉ် ၁၀ နာရီ ၃၇ မိနစ်တွင် အစည်းအဝေး ခန်းအတွင်းသို့ သေနတ်သမားလေးဦး ဝင်ရောက်လာပြီး ဗိုလ်ချုပ်ကို အဓိကဦးတည်၍ တော်မီဂန်းသုံးလက်၊ စတင်း ဂန်းတစ်လက်တို့ဖြင့် အတွဲလိုက် မွှေ့ယမ်းပစ်ခတ်ကြလေသည်။ ထိုသူလေးဦးမှာ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင် တို့ဖြစ်ကြသည်။

 
အာဇာနည် ၉ ဦး

 
သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ဗိုလ်ချုပ် အောင်ဆန်း (၃၂ နှစ်)၊ သခင်မြ (၄၉ နှစ်)၊ ဦးရာဇာတ် (၄၉ နှစ်)၊ ဦးဘဝင်း (၄၆ နှစ်)၊ မန်းဘခိုင် (၄၃ နှစ်) နှင့် ဦးအုန်းမောင် (၃၄ နှစ်)တို့ ခြောက်ဦးမှာ နေရာတွင်ပင် ကျဆုံးခဲ့ကြရသည်။ သေနတ်သမားတို့သည် အစည်းအဝေး ခန်းမှ ပြန်အထွက်တွင် သေနတ်သံကြား၍ အစည်းအဝေးခန်း ဘက်သို့ အပေါ်ထပ်စင်္ကြံအတိုင်း ပြေးလာသည့် ဦးရာဇာတ်၏သက်တော်စောင့် ရဲဘော်ကိုထွေး(၁၈ နှစ်)ကို ပြေးရင်းလွှားရင်း ပစ်ခတ်ခဲ့ကြသည်။ ထိုအချိန်တွင် အတွင်းဝန်ရုံးအောက်၌ သေနတ်သမားတို့ အမြန်ပြန်ထွက်နိုင်ရန် သုခ ဆိုသူက လာစဉ်ကမောင်းလာသည့် ဂျစ်ကားကို စက်နှိုးရင်း စောင့်နေလေသည်။


ဒီးဒုတ်ဦးဘချို (၅၄နှစ်)နှင့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (၄၀နှစ်)တို့မှာ သေနတ်ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူစဉ် ကျဆုံးခဲ့ရသည်။ သို့ဖြစ်၍ သေနတ်သမားတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အပါအဝင် အာဇာနည် ၉ ဦး ကျဆုံးခဲ့ရရှာလေသည်။


အာဃာတထား


ဂဠုန်ဦးစောသည် အကြံကြီးသူပီပီ ဗိုလ်ချုပ်အောင်ဆန်းကို အဓိကပစ်မှတ်ထား၍ လုပ်ကြံနိုင်ရေးအတွက် သေနတ်သမား တို့ကိုမစေလွှတ်မီ သေချာစွာ ကြိုတင်ထောက်လှမ်းနိုင်ရန် နှင့် သေနတ်သမားတို့ လျင်မြန်စွာပြန်ထွက်နိုင်ရန် အထောက်အကူ ပေးရမည့် အဖွဲ့တစ်ဖွဲ့ကို ထရပ်ကားတစ်စီးဖြင့် ကြိုတင် စေလွှတ်ထားခဲ့သေးသည်။ ထိုအဖွဲ့တွင် ခင်မောင်ရင်၊ ဘညွန့်၊ မောင်နီနှင့် မှုန်ကြီးတို့လေးဦး ပါဝင်ပေသည်။ ထိုအဖွဲ့၏ သတင်းပေးချက်အရ ဗိုလ်ချုပ်ရုံးတက်သည်မှာ သေချာမှ သေနတ်သမားတို့ကို စေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။လုပ်ကြံမှုသည် ဦးစော၏ အကြံအစည်အတိုင်းအောင်မြင် ခဲ့သည်ဟု ဆိုရပေမည်။ သို့ရာတွင် ဦးစော၏ လက်ပါးစေများ အောင်ပွဲခံ၍ အိမ်ပြန်ရောက်ချိန်တွင် ဦးစော၏ မျက်နှာမှာရွှင်ပျခြင်း မရှိပေ။ ဗိုလ်ချုပ်အပေါ်တွင် အာဃာတထားခဲ့သည်။ ဗိုလ်ချုပ်ကျဆုံးသည်အထိ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးဖြင့် ဝီရိယစိုက်ထုတ်ခဲ့သည်။ သူ့အကြံအစည်အောင်မြင်ခဲ့သည်။ သို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ဝမ်းမမြောက်နိုင်ရပါသနည်း။


ဖော်ကောင်ဘညွန့်


လုပ်ကြံမှုကြီးဖြစ်ပြီးနောက် ငါးနာရီခန့်အကြာတွင် ဦးစောအပါအဝင် ဦးစောအိမ်ရှိ လူအားလုံးထိန်းသိမ်းခံလိုက် ရသည်။ စစ်ဆေးမှုများ စတင်ရာတွင် ခင်မောင်ရင်ကို ဦးစွာစစ်ဆေးကြသည်။ ခင်မောင်ရင်သည် ဦးစော၏အိမ်တွင် နေထိုင်သူဖြစ်ပြီး ဦးစော၏ ယာဉ်မောင်းလည်းဖြစ်သည်။ ခင်မောင်ရင်က လုပ်ကြံမှုကြီးတစ်ခုလုံးကို ပထမဆုံးအလုံးစုံ ဖော်ခဲ့သည်။ သို့ရာတွင် တရားရုံးတွင် စာရေးလုပ်ခဲ့ဖူးသည့် ဘညွန့်က တရားသူကြီးထံ အလုံးစုံဖြောင့်ချက်ပေးမည်ဖြစ်၍ ဖော်ကောင်လက်မှတ်ထုတ်ပေးရန် လျှောက်ထားခဲ့ရာ တရားသူကြီးကလည်း ထုတ်ပေးခဲ့သည်။ ဤသို့နှင့် ဥပဒေကိုနားလည်သည့် ဘညွန့်သည် တရားဝင် ဖော်ကောင်ဖြစ်ခဲ့လေသည်။ လုပ်ကြံမှုကြီးကို အထူးခုံရုံးဖြင့် စစ်ဆေးစီရင်၍ ဖော်ကောင်ဘညွန့်မှအပ ဦးစောအပါအဝင် ကိုးဦးကို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် သေဒဏ်ကျခံစေရန် အမိန့် ချမှတ်ခဲ့သည်။ ထိုအမှုကြီးကို ကျူးလွန်ချိန်နှင့် ပြစ်ဒဏ် ချမှတ်ချိန်တို့သည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီဖြစ်၍ ဗြိတိသျှအစိုးရလက်ထက် တရားစီရင်ရေးကာလတွင် ဖြစ်ခဲ့သည်။

 
မြူတစ်မှုန်မျှရှာမတွေ့

 
သေဒဏ်နှင့် ပတ်သက်၍ လွတ်လပ်ရေးရပြီးချိန်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ထံ အသနားခံစာ တင်ကြရာ လူသတ်သမားတို့ကို တင်ဆောင်သည့် ဂျစ်ကား မောင်းရသူ သုခ၊ ကြိုတင်သတင်း ထောက်လှမ်းသည့်အဖွဲ့ တင်ဆောင်သည့် ထရပ်ကားမောင်းရသူ ခင်မောင်ရင်နှင့် လူသတ်သမားတို့ကို အတွင်းဝန်ရုံးမှ အလွယ်တကူ ပြန်ထွက်နိုင်အောင် လမ်းရှင်းပေးရသူ မောင်နီတို့သုံးဦးကို သေဒဏ်မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေးခဲ့သည်။

 
ဦးစောအပါအဝင် ခြောက်ဦးမှာ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကြိုးပေး ကွပ်မျက်ခြင်း ခံကြရပါသည်။ ဖော်ကောင်လက်မှတ်ရ ဘညွန့်သည် အစိုးရသက်သေ ဖြစ်သည့်အတွက် တရားခံစာရင်းတွင် မပါဝင်သော်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဆယ်နှစ်နှင့် ခြောက်လကျခံခဲ့ရပါသည်။

 
လုပ်ကြံမှုကြောင့် အာဇာနည်တို့ ကျဆုံးခဲ့ရသည်။ လုပ်ကြံမှုကြောင့် ပြစ်ဒဏ်အရ သေဆုံးကြရသည်။ နှစ်ရှည် ထောင်ဒဏ်ကျခံကြရသည်။ လုပ်ကြံမှု၏ တစ်ဖက်တစ်ချက် တွင် နှစ်ဖက်စလုံးတွင် အရှုံးများချည်းဖြစ်သည်။ ထို့အပြင် တိုင်းပြည်အတွက် ဆုံးရှုံးသည်။ မိသားစုဆွေမျိုးများအတွက် ဆုံးရှုံးသည်။ အဆိုးများချည်းဖြစ်သည်။ အကောင်းဟူ၍ မြူတစ်မှုန်မျှ ရှာမတွေ့နိုင်ပေ။ ဝမ်းနည်းစရာကောင်းလှပေ၏။

 
ဝမ်းနည်းခြင်းတစ်ခုတည်းအတွက်မဟုတ်

 
သို့ရာတွင် အဆိုးထဲကအကောင်းကို ဖော်ထုတ်နိုင်ရပေမည်။ နိုင်ငံ့တာဝန်များကို တာဝန်ထမ်းဆောင်ရင်း ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြသည်မှာ လွန်ခဲ့သော ၇၂ နှစ်က ဖြစ်သည်။ ထိုနေ့ ထိုရက်က ဖြစ်ပျက်ခဲ့သမျှကို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းခြင်းဖြင့် အသိပေးရပေမည်။ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရ ဂါရဝပြုကြရပေမည်။
 

ဤသို့အားဖြင့် မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့မှုများ၊ တစ်ဦးချင်းစီ၏ လေးစားအားကျ အတုယူစရာအချက်များကို သိရှိနားလည်ကာ ၎င်းတို့အရယူပေးခဲ့သည့် လွတ်လပ်ရေးကို အလေးထား တန်ဖိုးထားသည့်စိတ်၊ အမိနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပေါက်ဖွားရင့်သန်လာကြမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အတွက် ငြိမ်သက် ခြင်းသည် ဝမ်းနည်းခြင်းတစ်ခုတည်းအတွက် မဟုတ်ဘဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရကာ အာဇာနည်စိတ်ဓာတ်များ ကိန်းအောင်း လာသည်အထိ လက်ဆင့်ကမ်းပေးနိုင်ကြပါစေကြောင်း ဆန္ဒပြု ရေးသားလိုက်ရပေသည်။ 


မြန်မာ့အလင်း