မိုင်းယု ၆ နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ပေါ်နှင့် ကျေးလက်ဒေသရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှု မရှိစေရန်အတွက်ရည်စူး၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် ကျင်းပလေ့ရှိသည့် ရိုးရာဓလေ့ ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ ၇ ရက်မှ ၈ ရက်အထိ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ပေါ့ကျေးရွာရှိ ဘုန်ကြီးကျောင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

mdn

 

ဆင်ဆွဲပွဲတော်ကို တစ်နှစ်လျှင်တစ်ရွာစီဖြင့် ကျရာရပ်ကွက်၊ ကျေးရွာများမှ တိုင်းရင်းသားတို့က အစုအဖွဲ့လိုက် ဆင်ရုပ်များ ကြိုတင်ပြင်ဆင်ပြုလုပ်ထားရပြီး အလှူပွဲကျင်းပသည့် နေ့ရက်၌ ယင်းအရုပ်များပေါ်တွင် မိမိတို့ စိတ်စေတနာသဒ္ဒါတရား ထက်သန်သည့်အပေါ် စုပေါင်းလှူဒါန်းထားသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများဖြင့် အလှတန်ဆာဆင်ယင်ထားသည့် ဆင်ရုပ်ကို ကြိုးများဖြင့် ချည်ဆွဲ၍ ရွာအတွင်း လှည့်လည်ပြသကာ ကျရာကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းရသည့် ရိုးရာဓလေ့ ပွဲတော်တစ်ခုဖြစ်ကြောင်းသိရသည်။

 

mdn

 

ထိုအလှူပွဲရက်အတွင်း လာရောက်လည်ပတ်သော ဧည်သည်တော်များကိုလည်း ရိုးရာအစား အသောက်များနှင့်  ဒေသခံတိုင်းရင်းသား အလှူရှင်များက ပျူငှာစွာတည့်ခင်းဧည့်ခံ ကျွေးမွေးခြင်းနှင့် ညပိုင်းတွင် တိုင်းရင်းသားတို့၏ ရိုးရာအကအလှများဖြင့် ဖော်ဖြေတင်ဆက်ပေးမည်ဖြစ်ကြောင်း၊ ယင်းပွဲတော်ရက်အတွင်း သူငါအပြိုင်လှပနိုင်ရေး အလှူရှင်အစုအဖွဲ့များက မိမိတို့ ဆင်ရုပ်များကို အလှတန်ဆာ ဆင်ယင်နေလျက်ရှိကြောင်း၊ ဈေးသည်များကလည်း မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ကြိုတင်ခင်းသူများက ခင်းကျင်းခြင်းနှင့် အလှည့်ကျ ရွာသူရွာသားများကလည်း ဧည့်သည်များ လာရောက်လည်ပတ်ချိန်တွင် အဆင်ပြေချောမွေ့စွာ ကျွေးမွေးနိုင်ရန် အစားအသောက်များ ကြိုတင်ပြင်ဆင်နေသူများက ပြင်ဆင်နေလျက်ရကာ မိမိတို့ကျေးရွာအတွင်း တစ်နှစ်မှ တစ်ကြိမ် တစ်ကြိမ်မှ နှစ်ရက်သာအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စိတ်သဒ္ဓါတရားထက်သန်စွာ ဝိုင်းဝန်းစုပေါင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

           

ကိုကိုနိုင်(မိုင်းယု)