ဝမ်းတွင်း  ၃  အောက်တိုဘာ

           

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းကျေးရွာ ကွင်းအမှတ်(၁၄၇၂)တွင် မိုးလယ်ကာလ ရွာသွန်းခဲ့သော မိုးဖြင့် မြေပဲများ စိုက်ပျိုးခဲ့ရာမြေပဲပင်များ အပင်တိုင်း အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။

           

ဝမ်းတွင်းမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ဒေသများသည် ဆည်မြောင်း/ တာတမံများ မရှိသဖြင့် မိုးကိုမျှော်၍ တောင်သူလုပ်ငန်းများ လုပ်ကိုင်နေရသော မိုးကောင်းသောက်ဒေသများဖြစ်ပြီး ရာသီဉတုမှန်မှသာလျှင် တောင်သူများ သီးနှံများရရှိသည့် ဒေသဖြစ်သည်။

 

ယခုနှစ် မိုးရာသီတွင် မိုးဦးကာလမိုးရွာသွန်းမှုမရှိ၍ အခြားသီးနှံများ ပျက်စီးခဲ့ရပြီး တောင်သူများအနေဖြင့် ဆုံးရှုံးမှုများဖြစ်ခဲ့ရသည်။ “မိုးကဩဂုတ်လ(၂၄)ရက်မှာ ရွာသွန်းခဲ့ပြီး (၂၆)ရက်နေ့မှာ  မြေပဲများ စတင် စိုက်ပျိုးခဲ့တာပါ၊ ခုဆိုရက်(၄၀)ကျော်ပြီ။ မြေပဲစိုက်ပျိုးမှုအနေဖြင့် အောင်မြင်ဖြစ်ထွန်းတဲ့ အခြေအနေဖြစ်ပြီး အထွက်နှုန်းကောင်းဖို့သေချာပါတယ်၊ မြေပဲဈေးကောင်းဖို့ မျှော်လင့်ရမှာပေါ့၊ ယခုစိုက်တဲ့မြေပဲတွေကစိုက်ပြီးရက်(၁၀ဝ)ပြည့်ရင် တူးဖော်ရတာပါ၊ ပုံမှန်ဆိုတစ်ဧကတင်း(၇၀-၉၀)ကြား ထွက်ရှိပါတယ်”ဟု မြေပဲစိုက်တောင်သူ ဦးကျော်ငြိမ်းက ပြောပြသည်။

           

ဝမ်းတွင်းဒေသ၊ ကွင်းအမှတ်(၁၄၇၂)ရှိ တောင်သူများအနေဖြင့် မြေပဲ၊ ပဲစင်းငုံများကို အဓိက စိုက်ပျိုးကြ ပြီး ယခုနှစ်မြေပဲစိုက်ဧက(၉၀)ကျော်ရှိကာ၊ တစ်ဧကအထွက်နှုန်း တင်း(၇၀)ကျော်ထွက်ရှိကြောင်း သိရသည်။

                                                                                                           

ဌေးလှိုင်(ဝမ်းတွင်း)