ဝမ်းတွင်း ၂၈ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ(၇)ရက်စာနှင့် ထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် ဧပြီ ၂၅ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ပင်းတလဲအုပ်စု၊ တောင်ဘိုအုပ်စု၊ ညောင်ပင်အုပ်စု၊ ထန်းပင်ကုန်းအုပ်စုတို့တွင် အမိုးလန်အိမ်(၆၂)လုံး၊ ပြိုကျနေအိမ် (၇)လုံး၊ အမိုးလန် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၄၂၉၉၅၀ဝ)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စုများ အတွက်(၇)ရက်စာဆန်ရိက္ခာ ထောက်ပံ့ငွေ(၆၃၂၁၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၉၃၁၆၀ဝ)ကျပ်နှင့် ပြိုကျနေအိမ်(၇)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝမ်းတွင်းမြို့နယ်အတွင်း သဘာဝဘေးခံစားခဲ့ရသည့် အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်၊မြို့နယ် မီးသတ်ဦးစီးမှုး၊ မြို့နယ် စည်ပင်အမှုဆောင်အရာရှိနှင့် ဒုတိယဦးစီးမှုးဒေါ်အိအိမွန်တို့က ပေးအပ်ခဲ့ရာသက်ဆိုင်ရာ ကျေးရွာများအလိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)


