မိတ္ထီလာ၊ ၆ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းတော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ ၂၁၈ ရွာရှိသည့်အနက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၄၂ ရွာ လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီးဖြစ်ရာ မြို့နယ်အတွင်း လျှပ်စစ်မီးလင်းရန် ကျန်ရှိသောကျေးရွာ ၇၆ ရွာ ရှိသည့်အနက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာ (၁၃)ရွာ၊ အလှူရှင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာ(၃၀)ရွာတို့ကို လျှပ်စစ်မီးလင်းနိုင်ရန် ဧပြီလမှ စတင်၍ တင်ဒါအောင်မြင်သည့် Zaw & Striker ကုမ္ပဏီ၊ ဓနပါဝါကုမ္ပဏီနှင့် ဟိန်းထက်နိုင်ကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှ ကျေးရွာ ၄၃ မှာ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ၎င်းကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေး ခရိုင်လျှပ်စစ်မန်နေရုံး၏ ကြီးကြပ်မှုဖြင့် စင်တီမီတာများဖြင့် ကျေးရွာ(၁၅)ရွာ လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီးဖြစ်သည်။ ၎င်းအပြင် လျှပ်စစ်မီးလင်းရန် ကျန်ရှိသောကျေးရွာ (၂၈)ရွာတွင်လည်း ကျေးရွာတွင်းလမ်း (၄၀၀)ဗို့အားလိုင်းများ တည်ဆောက်ဆဲဖြစ်၍ အဆိုပါကျေးရွာများ လျှပ်စစ်မီးအမြန်ဆုံး မီးလင်းနိုင်ရေး သက်ဆိုင်ရာ ကျေးရွာမီးလင်းရေးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝမ်းတွင်းမြို့နယ် အနေဖြင့် ကျေးရွာ (၁၈၅) ရွာ မီးလင်းနိုင်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ လျှပ်စစ်မီးလင်းရန် ကျန်ရှိသောကျေးရွာ (၃၃)ရွာကို လျှပ်စစ်မီးလင်းနိုင်ရေး အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (ဒုတိယအဆင့်)ဖြင့် ဆောင်ရွက်သွားရန် လျာထားပြီးဖြစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာအားလုံး (၁၀၀)ရာခိုင်နှုန်း လျှပ်စစ်မီးလင်းသွားနိုင် တော့မည်ဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက်မန်နေဂျာ ဦးခင်မောင်အေး (အင်ဂျင်နီယာ)က ပြောပြ၍ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


