မိတ္ထီလာ ၆ သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ကျေးရွာ ၃၃ ရွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မည့် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း  မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

 

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအနီးတွင် ကျေးရွာ (၃၃) ရွာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်စေရန် JICA အစီအစဉ်ဖြင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုးရေးရှင်းမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Unique Comm Group Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည်။ ရွှေတောင်ဓာတ်အားခွဲရုံကို ယခုနှစ် ဇန်နဝါရီ ၂၄ ရက်မှ စတင်၍ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ တည်ဆောက်လျက်ရှိရာ အဆိုပါတည်ဆောက်ခြင်းလုပ်ငန်းများမှာ (၈၅) ရာခိုင်နှုန်းပြီးစီးနေပြီး ဓာတ်အားခွဲရုံ ပြီးစီးပါက ကျေးရွာ ၁၂ ရွာတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိမည့်အပြင် လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာ (၃၃)ရွာကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော် (အင်ဂျင်နီယာ)က ပြောကြားသည်။

 

ဝမ်းတွင်းမြို့နယ်လုံးကျွတ် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့်လည်းကောင်း၊ Public Finance Initiative (PFI) စနစ်ဖြင့်လည်းကောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NPE) ဖြင့်လည်းကောင်း၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့်လည်းကောင်း အသီးသီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာ ၂၁၈ ရွာရှိသည့်အနက် ကျေးရွာ ၁၁၃ ရွာ မီးလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

 

သိန်းမြင့်ကျော်(မိတ္ထီလာ)