မိတ္ထီလာ ၂၅  ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ကျေးရွာ ၄၃ ရွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်မည့် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း  မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၌ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး ဝမ်းတွင်းမြို့နယ်  ရွှေတောင်ကျေးရွာအနီးတွင်  ကျေးရွာ (၄၃) ရွာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်စေရန် JICA အစီအစဉ်ဖြင့်  မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်းမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Unique Comm Group Co.,Ltd မှ တာဝန်ယူ၍ တည်ဆောက်သွားမည်ဖြစ်သည်။ ၎င်း ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက လျှပ်စစ်မီးလင်းပြီးကျေးရွာ ၁၆ ရွာကို လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိမည့်အပြင် လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာ(၂၇)ရွာကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် မည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော် (အင်ဂျင်နီယာ)က ပြောကြားခဲ့သည်။

ဝမ်းတွင်းမြို့နယ်လုံးကျွတ် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့်လည်းကောင်း၊ Public Finance Initiative(PFI) စနစ်ဖြင့် လည်းကောင်း၊ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း(NPE)ဖြင့် လည်းကောင်း၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လည်းကောင်း အသီးသီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာ ၂၁၈ ရွာရှိသည့်အနက် ကျေးရွာ ၁၁၃ ရွာ မီးလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အိမ်ထောင်စုအားဖြင့် ၃၀၆၈၀ စုကို လျှပ်စစ်မီးအလင်း ဖြန့်ဖြူးပေး နိုင်ခဲ့ပြီဖြစ်၍ မြို့နယ်အတွင်း၌ လျှပ်စစ်ဓာတ်အားဖြင့် ၅၀ ရာခိုင်နှုန်းကျော် အလင်းဖြာနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 
    
သိန်းမြင့်ကျော်(မိတ္ထီလာ)