ဝမ်းတွင်း ၁၆ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သောစားနပ် ရိက္ခာနှင့်ကျန်မာရေးလုပ်ငန်းသုံး Mask များကို ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများပေးအားအပ်ခြင်း အခမ်းအနားကိုယနေ့ နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာထားထားမှ အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကာကွယ်ထိန်းချုပ်ရေး ကုသရေးဆိုင်ရာလုပ်ငန်းများ အကြောင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပြီးစီးမှု အခြေနေများ အကြောင်းကို အသေးစိတ်ရှင်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများမှလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာထားထားမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မိမိတို့ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကိုအထူးဂရုစိုက်ကြရန်၊ မိမိတို့ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ပေးအပ်ထားတဲ့တာဝန်များ ကျေပွန်အောင်ပြည်သူများနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့မှုများအတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကိုဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သော စာနပ်ရိက္ခာများနှင့် ကျန်းမာရေးသုံးပစ္စည်း များကိုမြို့နယ်ဆရာဝန်ကြီး ဒေါက်တာထားထား၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာအိအိချော၊ ဦးစီးအရာရှိ ဒေါက်တာမြသက်ဆွေတို့မှ ပေးအပ်ခဲ့ရာ ဝန်ထမ်းများကိုယ်စား တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ်ရှိ ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းအင်အား(၁၉၆)ယောက်ရှိပြီး ဝန်ထမ်းတစ်ဦးချင်းအလိုက် (ဆန်(၈)ပြည်၊ဆီ(၅၀)ကျပ်သား၊ မုန့်(၂)ထုပ်၊ Mask (၃၀)ခု တို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)