ဝမ်းတွင်း ၂၀ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ တောင်သူများအနေဖြင့် မိုးစပါး စိုက်ပျိုးရန်ရေမရှိသဖြင့် မိုးမျှော်၍ အခြောက်ပျိုးထောင်ကာ စပါးစိုက်ပျိုးရန်ပြင်ဆင်နေရကြောင်း သိရသည်။

 

ဝမ်းတွင်းမြို့အနေဖြင့် ဆည်ရေသောက်နှင့်မိုးကောင်းသောက်ဟူ၍ နှစ်ခြမ်းရှိကာ ဆည်ရေ သောက်များအနေဖြင့် ရေလုံလောက်စွာရရှိ၍ သီးနှံများအောင်မြင်ဖြစ်ထွန်းကာ တောင်သူများ အဆင်ပြေလျက်ရှိပြီး မိုးကောင်းသောက်ဒေသများရှိ တောင်သူများအနေဖြင့်နွေကာလ စိုက်ပျိုးသော သီးနှံများဖြစ်သည့် နွေငရုတ်၊ ဝါ၊ နှမ်းအစရှိသည့် သီးနှံများသည် ရေလုံလောက်စွာမရရှိ၍ သီးထွက်နှုန်းကျဆင်းကာ တောင်သူများအနေဖြင့် အကြပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

 

ယခင်နှစ်ကဆို ကန်ရေက နိုဝင်ဘာလောက်မှကုန်တော့ တောင်သူအနေနဲ့ သီးနှံစိုက်ပျိုး/ပျိုးထောင်ရာမှာ အဆင်ပြေတယ်၊ ဒီနှစ်ကျတော့ မိုးကရွာသွန်းမှုနည်းတယ်။ ကန်ရေကလဲအစောကြီးပြတ်တော့ တောင်သူတွေ အနေနဲ့အခက်အခဲဖြစ်တာပေါ့။ တောင်သူတွေရဲ့သဘောဘဘာဝကတော့ မိုးရွာခြင်း/မရွာခြင်းကိုပြောမရတော့ ကိုယ်လုပ်စရာရှိတာ လုပ်ထားရမှာမို့ မိုးမျှော်ပြီး အခြောက်အုံး၊ အခြောက်ပျိုးထောင်ရတာပေါ့၊ ဒါမှလည်း လူစာ၊ နွားစာအဆင်ပြေမှာ ဟု တောင်သူဦးမောင်စိုးကပြောသည်။

 

ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာရှိ တောင်သူများအနေဖြင့် မိုးစပါးစိုက်ဧက(၂၀၀)ကျော်ရှိကာ ယခုနှစ်တွင် မိုးခေါင်ပြီး အပူရှိန်မြှင့်တက်မှုကြောင့် ကန်ရေများလည်း ပြတ်လပ်ခဲ့ပြီး ယာသီးနှံများ ထွက်ရှိမှုနည်းပါးသောကြောင့် အရှုံးပေါ်ကာ၊ မိုးအမီ စပါးစိုက်ပျိုးရန်အတွက်(မနောသုခ)မျိုးများဖြင့် အခြောက် ပျိုးထောင်နေရကြောင်း သိရသည်။

 

ဌေးလှိုင်(ဝမ်းတွင်း)