ဝမ်းတွင်း မတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က (ဝမ်းတွင်း)နှင့် ဝမ်းတွင်းဈေးကြီးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေပေးသော ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ချက်၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေး အလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကိုဗစ်၁၉ရောဂါကာလအတွင်း ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်အချိန်တွင် ကလေးများအား ကလေးအလုပ်သမား ဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြပါစို့၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူအားလုံးဝိုင်းဝန်း ကြိုးပမ်းကြပါစို့ စသည့် အသိပညာပေးများစွာ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူစည်ကားရာနေရာများဖြစ်သည့် အခြေခံပညာကျောင်းများနှင့် ဈေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)
မြို့နယ်ပြန်/ဆက်


