ဝမ်းတွင်း၊ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးသုံးစွဲနည်းများ ပြသပေးခြင်းများကို ဒီဇင်ဘာ ၃ ရက်က ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွပ်ကျေးရွာ၊ ဌာနဆိုင်ရာများထိ လှည့်လည်စစ်ဆေးခြင်း၊ သတိပေးခြင်းများကို ဆောင်ရွက်ပေး လျှက်ရှိပြီး သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များကိုလည်း ညွှန်ကြားချက်များနှင့် လေ့ကျင့်ဆောင်ရွက် ထားရှိမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းမီးဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဟောပြောပွဲများဆောင်ရွက်ကာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်စခန်း(၄)ခု၊ မီးငြှိမ်းသတ် ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၅)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၃၁)ဦးတို့ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးသုံးစွဲနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဌေးလှိုင်(ဝမ်းတွင်း)