ဝမ်းတွင်းမြို့နယ်တွင် တွေ့ရှိသည့် ရှေးဟောင်းအဆောက်အအုံများမှာ အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ဦးကြားမှ ဖြစ်နိုင်ကြောင်း ပညာရှင်များ ခန့်မှန်း

ဝမ်းတွင်း ၈ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နဘဲကုန်းကျေးရွာအနီး စမုံမြစ်ရေတိုက်စားမှုကြောင့် ပေါ်ထွက်လာသော အုတ်ရိုးတန်း၏ ထုထည်ပုံစံမှာ ပျူခေတ်အုတ်ချပ်အရွယ် မဟုတ်သောကြောင့် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ဦးကြားမှ သာသနိကအဆောက်အအုံ ပန္နက်ပုံစံဖြစ်နိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သိရသည်။

 

“သွားရောက်လေ့လာတဲ့အခါ အုတ်ချပ်အရွယ်တွေက စေတီအပေါ်ပိုင်းမှာ အသုံးပြုတဲ့ ဂုံးပုံသဏ္ဌာန်ဖော် သပ်အုတ်တွေ တွေ့ရတယ်။ အဲဒီသပ်အုတ်တွေနဲ့ အောက်ခြေပန္နက်ပုံဖော် အုတ်ချပ်အရွယ်တွေက ပျူခေတ်အုတ်ချပ်အရွယ် မတွေ့ရဘူး။ ခန့်မှန်းတာက အင်းဝခေတ်ကာလနဲ့ ကုန်းဘောင်ခေတ်ဦးထိ အသုံးပြုခဲ့တဲ့ အုတ်ချပ်အရွယ် အများဆုံးတွေ့ရလို့ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်ဦးကြား သာသနိက အဆောက်အအုံပုံစံ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်”ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

 

အဆိုပါဒေသတွင် စမုံမြစ်ရေတိုက်စားပြီး ကမ်းပြိုရာမှ ကမ်းပါးနံရံများတွင် အရိုးစုများကိုစတင်တွေ့ရှိကာ အရိုးစုများအောက်၌ အုတ်ရိုးများတွေ့ရကြောင်း၊ ၎င်းအုတ်ချပ်များမှာ အလျား ၁ ပေ၊ အနံ ၈ လက်မခန့် စတုဂံပုံနှင့် အချွန်းပုံများ တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

“စမုံမြစ်ရေတိုက်စားလို့ ပေါ်ထွက်လာတဲ့ အုတ်ရိုးတန်းနေရာက အရင်က ရွာဟောင်းကုန်းနေရာဖြစ်ပြီး စမုံမြစ်တောင်ဘက်ခြမ်းက စေတီတစ်ဆူ ပြိုကျပျက်စီးခဲ့တာရှိတယ်” ဟု ဒေသခံ နဘဲကန်ရွာမှ ဦးစံရင်ကပြောသည်။

 

အဆိုပါဒေသတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ရှေးဟောင်းအုတ်ရိုးများနှင့် အရိုးများ တွေ့ရှိခဲ့ရာ ပျူခတ်မြို့ဟောင်းခံတပ်များ ဖြစ်နိုင်သည်ဟု ခန့်မှန်းမှုများရှိခဲ့မှုကြောင့် ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူများက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်က သွားရောက်စစ်ဆေးခဲ့ပြီးနောက် ယင်းကဲ့သို့ ခန့်မှန်းခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)