ဝမ်းတွင်း ၁၀ မတ် 

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့တွင် ပရိဘောဂလုပ်ငန်း လုပ်ကိုင်သူများထံမှ ပရိဘောဂ ပစ္စည်းများ ဝယ်ယူသူများသောကြောင့် လုပ်ငန်းများ အဆင်ပြေ၍ မိသားစုစီးပွားရေးများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ပရိဘောဂလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ဘုရားစင်၊ စားပွဲ၊ တန်းလျား၊ ထိုင်ခုံ၊ ဗီရိုများနှင့် အခြားလူအသုံးအဆောင် ပစ္စည်းများကို လက်ရာသေသပ်ပြီး ဒီဇိုင်းဆန်းများဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိကာ ယခုနှစ်တွင် နယ်အမှာများပါ ပြုလုပ်ပေးနေရ၍ လုပ်ငန်းများ အဆင်ပြေကာ အကျိုးအမြတ်များ ရရှိနေကြောင်း ပရိဘောဂလုပ်ငန်း လုပ်ကိုင်နေသူ ဦးဝင်းစိုးဦး(KMS)က ပြောပြသည်။

 

“စားပွဲတစ်စုံဆိုရင် အကြမ်းထည်ကနေစပြီး အချောထည်ဖြစ်သည်အထိ ခံဆေး(၃)ထပ်၊ တာလေဆီလာဆေး (၃)ထပ်၊ လိုက်ကာဆေး T-4000 (၃)ထပ်လောက်ထိ မှုတ်ပေးရကြောင်း၊ ပစ္စည်းတစ်ခုချင်းတန်းဖိုးက သုံးချင်တဲ့သစ်အမျိုးအစားပေါ် မူတည်ပြီး ပြောင်းလဲမှုရှိတယ်၊ အမှာထည်တွေအများစုကတော့ ကျွန်းသား၊ ကုက္ကိုသားတွေများတယ်၊ အခုရက်ပိုင်း ရန်ကုန်၊ ကျောက်ပန်းတောင်း၊ တောင်ကြီး အစရှိတဲ့ နယ်စုံတွေက အော်ဒါ(အမှာထည်)များတော့ လုပ်ငန်းလုပ်ကိုင်ရတာ အဆင်ပြေတယ်”ဟု ဆက်လက်ပြောပြသည်။

 

ဝမ်းတွင်းမြို့နယ်ရှိ ပရိဘောဂလုပ်ကိုင်သူများအနေဖြင့် ထိုင်ခုံခြောက်လုံးပါ ထမင်းစားစားပွဲ တစ်စုံကို ငါးသိန်းကျပ်နှင့် နှစ်ထပ်ဆင့် အဝတ်ထည့်ဗီရို (၄)ပေ၊ (၆)ပေ တစ်လုံးကို သုံးသိန်းရှစ်သောင်းဝန်းကျင် ရောင်းချရကြောင်းနှင့် ဒီဇိုင်းဆန်း သေသပ်လှပသော ပရိဘောဂပစ္စည်းများကိုလည်း အော်ဒါများ လက်ခံကာ ပြုလုပ်ရောင်းချလျက်ရှိပြီး မှာယူသည့် နယ်အရောက်သို့ ပို့ဆောင်ပေးနေရကြောင်း သိရသည်။

 

ဌေးလှိုင်(ဝမ်းတွင်း) (ပြန်/ဆက်)