ဝင်ဘလေမှာ အက်ဖ်အေဖလားဆွတ်ခူးပြီး မှတ်တမ်းသစ်ရေးထိုးမယ့်အသင်းက ချယ်ဆီးလား၊ လက်စတာလား

အင်္ဂလန်နိုင်ငံ၏ သက်တမ်းရင့် ပြိုင်ပွဲတစ်ခုဖြစ်သည့် အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်ကို မေ ၁၅ ရက် (စနေနေ့) ည ၁၀ နာရီ ၄၅ မိနစ်တွင် ချယ်ဆီးအသင်းနှင့်လက်စတာအသင်းတို့ ဝင်ဘလေအားကစား ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယမန်နှစ်က အက်ဖ်အေဖလားအား အာဆင်နယ်အသင်း က ချယ်ဆီးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ဆွတ်ခူးထားသည်။

ချယ်ဆီးအသင်းသည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် ဂွါဒီယိုလာ၏ မန်စီးတီးအသင်းကို ဇီယက်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက် လက်စတာအသင်းက အဆိုပါအဆင့်တွင် ဆောက်သမ်တန်အသင်းကို အီဟီယာနာချို၏ တစ်လုံးတည်း သော သွင်းဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။ ချယ်ဆီးအသင်းသည် နည်းပြ တူချယ်လက်ထက်တွင် အသင်းလိုက်စုဖွဲ့မှု သိသိသာသာ အားကောင်းလာပြီး ဝါနာ၊ မန်ဒီ၊ ဇီယက်၊ ပူလီဆစ် စသည့်ကစားသမားများ ခြေစွမ်းပြသထားနိုင်သောကြောင့် ခြေစွမ်းကျစ်လျစ်နေသည် ကို တွေ့ရသည်။ လက်စတာအသင်း ကလည်း မေ ၁၁ ရက်က မန်ယူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်၌ အသင်းမှ အီဟီယာနာချို၊ သောမတ်စ်၊ တိုင်လီမန်းစ်၊ အဲယ်ဘရိုက်တန်၊ ဆိုယွန်ကူ စသည့် ကစားသမားများ ခြေစွမ်းပြကစားထားနိုင်သည့်အတွက် အသင်းလိုက် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်လာသည်ကို တွေ့ရသည်။

ချယ်ဆီးအသင်းသည် အက်ဖ်အေဖလားကို ၂၀၁၇-၂၀၁၈ ခုနှစ်က မန်ယူအသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ယူပြီး ရှစ်ကြိမ်မြောက်ဆွတ်ခူးရရှိခဲ့သည်။ လက်စတာအသင်းက အက်ဖ်အေဖလား ဗိုလ်လုပွဲသို့ ၁၉၄၈-၄၉၊ ၁၉၆၀- ၆၁၊ ၁၉၆၂-၆၃၊ ၁၉၆၈-၆၉ ခုနှစ်တို့တွင် တက်ရောက်နိုင်ခဲ့သော်လည်း ဖလား ဆွတ်ခူးထားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် လက်စတာအသင်းသည် ယခုဗိုလ်လုပွဲတွင် ချယ်ဆီးအသင်းကို အနိုင်ယူပြီး အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအက်ဖ်အေဖလားကို ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရမည် ဖြစ်သည်။

ချယ်ဆီးအသင်းနှင့် လက်စတာအသင်းတို့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုတွင် လက်စတာအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။ အဆိုပါနှစ်သင်းသည် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ပြီးလျှင် လည်း ပရီမီယာလိဂ်ပွဲစဉ် (၃၇)ကို မေ  ၁၉ ရက်၌ ထပ်မံယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။

ချယ်ဆီးအသင်းသည် ယခုပွဲစဉ်မတိုင်မီ အာဆင်နယ်အသင်းနှင့် ကစားထားရသောကြောင့် ပွဲပန်းနိုင် ဖွယ်ရှိပြီး လက်စတာအသင်းကလည်း ယခုပွဲစဉ်မတိုင်မီအသင်းကြီး မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစား ထားရသောကြောင့် ပွဲပန်းနေနိုင်သည်။ သို့သော်လည်း ယခုပွဲစဉ်သည် ဗိုလ်လုပွဲစဉ်ဖြစ်၍ နှစ်သင်းစလုံး အင်အားအတောင့်တင်းဆုံးပုံစံကို အသုံးပြုကာ ပွဲထွက်လာဖွယ်ရှိနေသည်။

ထို့ကြောင့် အက်ဖ်အေဖလားကို ချယ်ဆီးအသင်းက ကိုးကြိမ်မြောက် ဆွတ်ခူးသွားနိုင်မလား သို့မဟုတ် လက်စတာအသင်းက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဆွတ်ခူးသွားမလား စိတ်ဝင်စား ဖွယ် စောင့်ကြည့်ရမည်ဖြစ်သည်။

အောင်ဇော်