ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံဂျိုကိုဗစ်နှင့် ဘာရက်တီနီတို့ ထိပ်တိုက်တွေ့ဆုံနေ

ဇူလိုင် ၁၁

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံဂျိုကိုဗစ်နဲ့ အီတလီ တင်းနစ်ကစားသမား ဘာရက်တီနီတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ဒိန်းမတ် တင်းနစ်ကစားသမား ရှာပိုဗာလော့ဗ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး အီတလီတင်းနစ်ကစားသမား ဘာရက်တီနီကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ပိုလန်တင်းနစ် ကစားသမား ဟူဘတ်ဟာကက်ဇ်ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဝင်ဘယ်ဒန်တင်းနှစ်ဖလားကို ငါးကြိမ်အထိ ဗိုလ်စွဲထားခဲ့တဲ့ ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ ရှာပိုဗာလော့ဗ်ကို ၇-၆(၇-၃)၊ ၇-၅၊ ၇-၅ နဲ့ အနိုင်ရရှိကာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသား တစ်ဦးချင်းဗိုလ်လုပွဲသို့ တက်လှမ်းလာခဲ့တာဖြစ်ပြီး အီတလီတင်းနစ်ကစားသမား ဘာရက်တီနီကတော့ ပိုလန်တင်းနစ်ကစားသမား ဟူဘတ် ဟာကက်ဇ်ကို ၆-၃၊ ၆-၀၊ ၆-၇(၃-၇)၊ ၆-၄ နဲ့ အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘာရက်တီနီဟာ နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်တာကြောင့် ၁၉၇၆ ခုနှစ်နောက်ပိုင်း ဂရန်းဆလမ်း ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးသော အီတလီ တင်းနစ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့တင်းနစ်လောကရဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်နေတဲ့ ဂျိုကိုဗစ်ဟာ ရှာပိုဗာလော့ဗ်ကို အနိုင်ရပြီး ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ခြင်းဟာ တင်းနစ်ကစားသမား ဘဝတစ်လျှောက် ဂရန်းဆလမ်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ (၃၄)ကြိမ်မြောက် တက်လှမ်းခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ လက်ရှိမှာ အမျိုးသားတစ်ဦးချင်း ဂရန်းဆလမ်းဆုဖလားကို ၁၉ ကြိမ် အထိ ရယူဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် ဇူလိုင် ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲမှာ အီတလီတင်းနစ်ကစားသမား ဘာရက်တီနီကို အနိုင်ကစားပြီး ဂရန်းဆလမ်းဆုဖလား အကြိမ် ၂၀ မြောက်ဆွတ်ခူးနိုင်မယ့် ကစားသမားအဖြစ်လည်း ရေပန်းစားနေတာ ဖြစ်ပါတယ်။

ငွေကြယ်