တင်ဝင်းလေး-ကြည့်မြင်တိုင်
သင်္ကြန် နဲ့သံချပ်ဆိုတာ ငွေဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ ဘယ်လိုမှ တစ်လွှာစီခွဲခြားလို့ မရနိုင် ဘူး...။
သည်နှစ်ရန်ကုန်သင်္ကြန် သံချပ်သံတွေဟာ ပိတောက်နဲ့အတူ နောက်များကျနေပြီလားမသိ။ ပိတောက်တွေ ဖူးရိပ်မပြသလို၊ သင်္ကြန်သံချပ် တိုက်သံတွေဟာ တိတ်ဆိတ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သည်အချိန်သည်အခါဆို ရန်ကုန်ရဲ့ သံချပ်အဖွဲ့တွေဆီက လင်ကွင်းသံ ဒိုးသံက ကြားရ စမြဲပါ။
လက်လှမ်းမီသလောက် ဟိုထောက်၊ သည် ထောက်မေးကြည့်တဲ့အခါ “အခြေအနေကို စောင့် ကြည့်တုန်းဗျ”၊ “စပွန်ဆာရှာတုန်းပဲဗျာ” “ဒီနှစ်တော့ မထွက်တော့ဘူးဗျာ” ဆိုတဲ့ ဖြေသံတွေ အတော်များများကို ပြန်ကြားလာရတယ်။
သင်္ကြန်သံချပ်အဖွဲ့များ
ဒါပေမယ့် သင်္ကြန်သူရဲကောင်းကြီးတွေ ရန်ကုန်မှာ များစွာကျန်ရှိနေပါသေးတယ်။ တစ်ဆင့် စကားတစ်ဆင့်နားနဲ့ ပြန်ကြားရတာကတော့ ‘ပြည်သူ့မော်ကွန်း’ သံချပ်အဖွဲ့မှ ဦးစိန်ဝင်းက “ကျွန်တော်တို့ ပြည်သူ့မော်ကွန်းအဖွဲ့ရယ်၊ ဆရာ ဦးတင်အောင်ရဲ့ သာကီနွယ်၊ ဗေလုဝရဲ့ မြန်မာ ပြည်နိဒါန်း၊ တာမွေမြို့နယ်က အပ္ပမာဒေထ သမ္ပာဒေထ၊ သင်္ဃန်းကျွန်းက သုံးဖွဲ့တို့ တိုင်းဌာနီ၊ သမိုင်းရေးတဲ့လက်များ ၊ ငြိမ်းချမ်းမိုး၊ လှိုင်သာယာက ကိုအောင်ကျော်ဦးရဲ့ သင်္ကြန်မင်းသား၊ နောက် ခေတ်ပါးစပ်၊ အောက်တိုဘာ အောင်ကြီးတို့ ထွက်ကြလိမ့်မယ်။ ဒါတွေက ကျွန်တော်သိသလောက်ပါ ပြင်ဆင်နေကြပြီ”ဟု ဆိုပါတယ်။
သင်္ကြန်သံချပ်အဖွဲ့ အားကောင်းခဲ့တာက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် (ပါတီ ကောင်စီခေတ်) မှာပါ၊ ခမ်းခမ်းနားနားစုစုစည်းစည်းနဲ့ ထွက်ခဲ့ကြတာပါ။ အဖွဲ့နာမည်တွေကို မှတ်မိသလောက်သာ ချရေးပြရရင် စာမျက်နှာ အတော်ယူသွားမှာမို့ ရေးမပြတော့ပါဘူး။
အက၊ အလှ၊ သဘာဝ၊ သံချပ်ဆိုတဲ့ စွယ်စုံပြိုင်တဲ့ အသင်းတွေဆို ဆက်တင်ကားကြီးတွေက အစ လှလှပပ ခံ့ခံ့ညားညား ရှိခဲ့ကြတယ်။ တီးဝိုင်းဆိုလည်း မြန်မာတီးဝိုင်း၊ အနောက်တိုင်းတီးဝိုင်း အင်အားအပြည့် အသုံးပြုခဲ့ကြတယ်။ အဖွဲ့ဝင်တွေဆိုလည်း တူညီဝတ်စုံနဲ့ ဆက်တင်ကားကြီးပေါ်မှာ မဆံ့လို့ နောက်က ကားတစ်စီးပေါ်မှာ စီးကြရတယ်။ ရှေ့ပြေးက ကားတစ်စီးသပ်သပ်၊ ရန်ကုန်မြို့လုံးနှံ့ လိုက်ပြိုင်ကြတာ၊ သံချပ်ချည်းသက်သက် ပြိုင်တဲ့အဖွဲ့တွေလည်း ရှိခဲ့သေးတယ်။ အချို့ သံချပ်အဖွဲ့တွေက နိုင်ငံရေးပါ ထောက်ပြသရော်ပြ၊ အတိုင်အဖောက်တွေနဲ့ အဲဒီလို အဖွဲ့တွေဆို နှစ်စဉ်ပါပဲ။
ဆုပေးမဏ္ဍပ်တွေဆိုလည်း မြို့နယ်တိုင်း နီးပါးရှိခဲ့ကြတယ်။ တစ်မြို့နယ်တည်းမှာ နှစ်မဏ္ဍပ်၊ သုံးမဏ္ဍပ်အထိ အပြိုင်ရှိခဲ့ကြတယ်။ အဖွဲ့တွေက နေ့ခင်းဘက်ဝင်ရောက် ယှဉ်ပြိုင်ခြင်းထက်၊ ညနေစောင်းမှ မိုးလင်းပေါက်အထိ ယှဉ်ပြိုင်ကြတာတွေကိုလည်း ယနေ့တိုင်မြင်ယောင်နေဆဲပါ။ ပထမပိုင်းမှာ သစ်ပြားမှာ ငွေရည်စိမ်အလှအပတွေ နဲ့ ဒိုင်းဆုနဲ့ ဖလားဆုတွေ ပေးခဲ့ကြတာပါ။ နောက်မှ ငွေသား ဆုချီးမြှင့်တာ၊ အဲဒီခေတ်က ငွေကျပ် ၁၀ဝ၀ဝ ရှိရင် စွယ်စုံပြိုင်လို့ ရတဲ့အချိန်။ မှတ်မိ သလောက်တော့ ၁၉၇၉ ခုနှစ်မှာ ထင်တယ်။ ငွေသားဆုတွေ စချီးမြှင့်ခဲ့တာ။
နဝတအစိုးရ တက်လာပြီးနောက် တစ်လျှောက်လုံး သံချပ်အဖွဲ့တွေ ထွက်ခွင့်မရရှာတော့ဘူး။ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်လောက်မှာ သံချပ်အဖွဲ့တွေ ပြန်ထွက်လာတယ်။
ဒါပေမယ့် မျက်စိထဲမှာ ပြန်ယောင်မိတာကတော့ ယနေ့ကာတွန်းလောကက အောက်တိုဘာ အောင်ကြီးရဲ့ ဝဇီပိတ်သရုပ်ပြ အသံတိတ်သံချပ် သရုပ်ဖော်ပြကွက်လေးကို ရှားရှားပါးပါး ကြည့်လိုက်ရတယ်။
တာမွေအဝိုင်းအနီးက ဥသြတေးသံသွင်းဆိုင် ရှေ့မှာပါ။ ထီးတစ်ချောင်းဆောင်းပြီး ဇာဘော်လီ ကိုဝတ်လို့၊ မျက်မှန်အမည်းကြီးကိုလည်း တပ်ထားသေးတယ်။ လက်တစ်ဖက်က နားကိုပိတ်ထားတယ်။ နောက်တစ်ဖက်က ပါးစပ်ကို ပိတ်ထားတယ်။ ခါးတောင်းကို မြှောင်အောင်ကျိုက်ထားပြီး ခုံတစ်လုံးပေါ်တက် မတ်တတ်ရပ်ပြနေတဲ့ ပြကွက်ပါ။ သာမန်ကြည့်ရင်တော့သ င်္ကြန်တွင်း အရက်သောက်ပြီး မူးလို့ဟာသတွေ လုပ်နေတယ်လို့ ထင်ကြပါတယ်။ အနီးအနားက ရဲတွေတောင်ရယ်ပြီး ကြည့်နေကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှ သိရတာကတော့ မျက်မှန်အမည်းကြီး တပ်ထားတာက ဘာမှမမြင်ချင်ဘူး။ နားနဲ့ပါးစပ်ကို ပိတ်ထားတာက မကြားချင်ဘူး၊ မပြောချင်ဘူး၊ ထီးဆောင်းတာက အရိပ်လို ချင်ပါတယ်။ အမေ့ဇာဘော်လီဝတ်ထားတာက အမေလို အားကိုးရတဲ့ မိခင်မျိုးလိုချင်ပါတယ်။ ခါးတောင်းမြှောက်အောင် ကျိုက်ထားတာက မြန်မာဟေ့လို့ ပြောချင်တာပါ။ ခုံပေါ်တက်မတ်တတ် ရပ်တာက စင်ပေါ်ပြန်တက်ချင်တဲ့ အဓိပ္ပာယ်ပါဟု ဖွင့်ဆိုမှုကြောင့် သိရသည်။ သို့သော် အဲဒီအချိန်က အဓိပ္ပာယ်ကို သဘောပေါက်သူနည်းပြီး သဘော မပေါက်တဲ့သူ များခဲ့ပါတယ်။
၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်မှာ သံချပ်အဖွဲ့တွေကို ပြန်လုပ်ခွင့်ပြုခဲ့ပါတယ်။ စိစစ် ရေးတော့ရှိတာပေါ့နော်။ ဒါပေမယ့် အများအားဖြင့် လွတ်လပ်ကြတယ်။ နောက်စိစစ်ရေးပါ လွှတ်လိုက် တယ်။ သံချပ်အဖွဲ့တွေ ပိတောက်နဲ့အတူ ပွင့်လန်း လာခဲ့ကြတယ်။ တစ်ရေးပြန်လည်နိုးလာခဲ့ပါ တယ်။
အရင်းအနှီးတွေများလာ
သံချပ်အဖွဲ့တွေ ထွက်မယ်ဆိုရင် အခုနောက် ပိုင်းက အရင်းအနှီးတွေများလာတယ်။ စွယ်စုံပြိုင် အဖွဲ့တွေကို ငွေကျပ်သိန်း ၈၀ ကနေ ကျပ်သိန်း ၁၀ဝ အကြား၊ အလယ်အလတ်အဖွဲ့တွေဆို ငွေကျပ်သိန်း ၆၀ ကနေ ကျပ်သိန်း ၈၀ အကြား၊ သာမန်အဖွဲ့လေးတွေဆို ငွေကျပ်သိန်း ၅၀ ပတ် လည်အကြား ကုန်ကျမှုတွေရှိတယ်လို့ အနန္တ ပွဲခင်းသာမှ ဦးလှဝင်းက ပြန်ပြောပြလို့ သိရပါ တယ်။
“ နောက်တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်ဗျ။ ငွေရေး၊ ကြေးရေး၊ အားပေးမှု အစုံပေါ့ဗျာ။ မနှစ်ကဆို ၂၅ ဖွဲ့လောက် ထွက်နိုင်တယ်။ အခု ၁၆ သင်းပဲထွက်နိုင်တယ်လို့ သိရတယ်ဗျ။ အဓိကကတော့ ငွေ (စပွန်ဆာ) ပေါ့ဗျာ။ ကုန်ကျမယ့်ငွေကို ပြန်မရနိုင်မှန်းသိတယ်။ ဒါပေမယ့် ကားပေါင်၊ အိမ်ပေါင်၊ ရွှေပေါင်ပြီးထွက်ကြတာ။ အဓိကကတော့ အစိုးရဆီကပဲဖြစ်ပြီး ကုမ္ပဏီတွေ ဆီကပဲဖြစ်ဖြစ် ထောက်ပံ့မှုမျိုးလေးတွေတော့ မျှော်လင့်မိတာ အမှန်ပါပဲ။ အခုဒီနှစ် ကျွန်တော့် ပွဲခင်းသာ မထွက်နိုင်တော့ဘူး။ မနှစ်ကတည်းက ယဉ်ကျေးမောင်က မထွက်နိုင်ခဲ့တာ။ နောက်ဆို သင်္ကြန်သံချပ်အဖွဲ့ဆိုတာ “ဂျို” နဲ့ လားလို့ နောက်ကလေးတွေက မေးယူရမယ့်အဖြစ်မျိုး တွေဖြစ်လာနိုင်တယ်” လို့ ဝမ်းနည်းစကား ဆိုပြသွားပါတယ်။
ပြည်သူ့မော်ကွန်းမှ ဦးစိန်ဝင်းက “သမ္မတ ဦးသိန်းစိန် လက်ထက်လို့ ပြောရမှာပေါ့။ တာမွေ ရွှေထွဋ်တင်ဝင်းကြီးထဲမှာ စကိုင်းနက်နဲ့ ရွှေ FM က သံချပ်အဖွဲ့တွေ ပြိုင်ပွဲကြီးလုပ်ပေးတယ်။ ဆုငွေ တွေလည်းချခဲ့တယ်။ အဲဒီအချိန်က စိစစ်ရေးလွှတ်ခဲ့လို့ အားလုံးက ဝမ်းသာခဲ့ကြတယ်။
ဆက်လက်ပြီး “အရပ်သားအစိုးရတက်လာတဲ့ ပထမနှစ်မှာလည်း သံချပ်တွေစိစစ်ရေးလွတ်ခဲ့တယ်။ ကိုယ့်စကား ကိုယ့်စာသား ကိုယ်တာဝန်ယူ ပေါ့ဗျာ။ ဒါမှန်တယ်လေ။ ဒုတိယနှစ်လည်း ကျပြန်ရော စိစစ်ရေးပြန်တင်ရတယ်။
ပြည်သူ့မော်ကွန်းမှ ဦးလှဝင်းက “သံချပ်ဆိုတာ တစ်သက်လုံးရှိပြီးသား သီချင်းလေးတွေထဲက သံစဉ်လေးတွေယူပြီး စာသားဖြည့်ရတာ။ တိုင်ကြ ဖောက်ကြတာ။ ဂီတအစည်းအရုံးက မူပိုင်ခွင့်ရှိပြီးသား သီချင်းများကို မသုံးဖို့ မနှစ်က တားမြစ်ဖို့စီစဉ်ခဲ့တယ်။ ဒါပေမယ့် တေးရေးဆရာတစ်ဦးက သနားညှာတာစိတ်နဲ့သံချပ်သမားတွေဆိုတာ စီးပွားရေးသမားတွေ မဟုတ်ကြပါဘူး။ တိုင်းပြည်အတွက် လိုအပ်တာလေးတွေကို ထောက်ပြ၊ ပြောပြကြတဲ့သူတွေပါ။ ခွင့်လွှတ်ပေးပါလို့ပြောလို့ မနှစ်ကအဆင်ပြေခဲ့ကြတယ်။ ဒီနှစ် အခြေအနေတော့ မသိသေးဘူး” လို့ ဆိုပါ တယ်။
ဒါပေမယ့် ယနေ့အခြေအနေ အနေအထားမှာ ဖြစ်ခြင်း၊ ပျက်ခြင်း၏ ရွေ့လျားမှု လမ်းကြောင်းဝယ် သင်္ကြန်သံချပ်အဖွဲ့များ အကြောင်းအမျိုးမျိုးကြောင့် တစ်စတစ်စ ပျောက်ကွယ်လို့ နေဝင်လာမှာကို စိုးရိမ်မိပါတော့တယ်။
မြန်မာ့အလင်း
