ညောင်ဦး        ဧပြီ        ၁၅

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်ရှိ ဝင်ငွေနည်းအိမ်ထောင်စုများအတွက် သင်္ကြန်ကာလ စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဧပြီ ၁၄ ရက်  နံနက်ပိုင်းက ပုဂံမြို့ ရတနာဘုံစံတောရဓမ္မရိပ်သာ ကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တသာဂရအား အမှူးပြု၍ စေတနာအလှူရှင်များ စုပေါင်းအဖွဲ့က ဆန်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာ၌ အလှူရှင်မိသားစုက ဦးစွာ ပုဂံမြို့ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက်နာယက ဆရာတော် ဘဒ္ဒန္တသာဂရ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များကို နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြသည်။

ဆက်လက်၍ စေတနာအလှူရှင်များက ညောင်ဦးမြို့၊ ပုဂံမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဝင်ငွေနည်း အိမ်ထောင်စု ၁၀၀၀ အား  အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည် ၊ ကြက်ဥ ၅ လုံးစီ ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း၊ အဆိုပါ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းရာ၌ ပုဂံမြို့ သီရိပစ္စယာလူမှုကူညီရေး အသင်းမှ ပရဟိတအသင်းသားများက အလှူရှင်မိသားစုနှင့်အတူ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 ရဲဝင်းနိုင် (ညောင်ဦး)