မော်လမြိုင် ၁  ဇွန်

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာန ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)၌ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စစ်ဆေးမှုများ စတင်စစ်ဆေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာစစ်ဆေးမှုကို ဇွန်လပထမပတ်တွင် စတင်စစ်ဆေးမည့်ဖြစ်ပြီး တစ်ရက်ကို အယောက်(၉၀)ဦးခန့် ဓာတ်ခွဲနမူနာများ စစ်ဆေးသွားမည့်ဖြစ်ကြောင်း၊ ရောဂါပိုးရှိ/ မရှိ အဖြေထွက်ဖို့ လုပ်ငန်းစဉ်က အချိန် ၆ နာရီမှ ၈ နာရီထိရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) တာဝန်ခံ ဒေါက်တာ နီနီဟန်က ပြောသည်။

 

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ တစ်ဦးရှိခဲ့ပြီး ယခုအခါ အဆိုပါအတည်ပြုလူနာ Case-27 သည် ရောဂါပိုးကင်းစင်သွားပြီဖြစ်၍ နေအိမ်တွင် ကျန်းကျန်းမာမာဖြင့် နေထိုင်လျက်ရှိကြောင်း သိရသည်။

 

ဝေလင်း(ပြန်/ဆက်)