မုံရွာ၊ ၃၁ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌများ လိုက်ပါ၍ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီက ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် သဲကောကြီးကျေးရွာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်နှင့် Quarantine Center သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် သဲကောကြီးကျေးရွာအဝင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်နှင့် သဲကောကြီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Center တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအား တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကျေးရွာပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ပိုးတွေ့လူနာများနှင့် ထိတွေ့မိသူများအား စနစ်တကျ စာရင်းကောက်ယူ၍ Quarantine Center ထားရှိရန်လိုကြောင်းနှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အားလုံးပူးပေါင်း၍ အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် သဲကောကြီးကျေးရွာအတွက် လက်သန့်ဆေးရည်ဘူး (၁၀)ဘူး၊ Mask (၂၅၀၀)ခု၊ လက်အိတ် (၁)ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထွန်းကိုကို (တိုင်းဒေသကြီး ပြန်/ဆက်)