ရွှေဘို  ၁  သြဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ဌာနဆိုင်တာဝန်ရှိသူနှင့်အတူ ယနေ့ မွန်းတည့် ၁၂ နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ အုတ်ရှစ်ကန်အုပ်စုတွင် စပါးစိုက်ဧက ၂၁၉ ဧက အား မဟာနန္ဒကန်ရေသောက်စနစ်ဖြင့် အချိန်မီ စိုက်ပျိုးရေးရရှိရေး ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ဆည်မြောင်းဉီးစီးဌာမှ တာဝန်ရှိသူအား မှာကြားခဲ့ပြီး ချီပါကျေးရွာတွင် မူးလက်တံ (၇)မြောင်း ရေသောက်စနစ်ဖြင့် မိုးစပါများ ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ပလိုင်းဘေးမဲ့ကန်တော် ရေစီးရေလာကောင်းမွန်စေရေး အသစ်ပြန်လည် တူးဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း၊ ပလိုင်းကျေးလက် ကျန်းမာရေးဌာနခွဲတွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းက ရွှေဘိုမြို့နယ် မင်းပေးကျေးရွာရှိ မူးတိမ်ချောင်းကူးတံတား ယက်မများ၊ ဘိုးတိုင်များနှင့် ကြမ်းခင်းအချို့ ပျက်စီးယိုယွင်းမှုများပြင်ဆင်ရန် ထောက်ပံ့ငွေကျပ် သိန်း(၂၀)ကို တာဝန်ရှိသူထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းပေးကျေးရွာ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေဖူလုံစွာရရှိစေရေး လျှပ်စစ်မူးရေတင် လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)