ရွှေဘို၊  ၆  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီက ရွှေဘိုမြို့နယ်ရှိ Quarantine Center များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် ရွှေဘိုမြို့နယ်ရှိ ညောင်ပင်သာ အခြေခံပညာ အထက်တန်းကျောင်း၊ စိုက်သိပ္ပံကျောင်းနှင့် ဘိုးတော်တောကျေးရွာတို့တွင် ဖွင့်လှစ်ထားရှိသော Quarantine Center များကို စစ်ဆေးခဲ့ပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများ၊ ရေသန့်ဘူး၊ နှာခေါင်းစည်း၊ ငါး၊ ခေါက်ဆွဲခြောက်၊ ဆန်၊ ဆီ နှင့် ဆားတို့ကို တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ချက်များကို အားလုံးစနစ်တကျ အထူးအလေးထားလိုက်နာကြ ရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထွန်းကိုကို(ပြန်/ဆက်)