မုံရွာ  ၂   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019  (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည်  ရွှေဘိုခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက် (၈)နာရီက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ပေါ်ရှိ အစ္စလာမ်၊ခရစ်ယာန်နှင့်ဟိန္ဒူ စသည့် ဘာသာ‌ရေးကျောင်း(၁၄)ကျောင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲနှင့်ကြက်သွန်နီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဉီးစွာ စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့ပေါ်ရှိ အစ္စလာမ်(၆)ကျောင်း၊ ခရစ်ယာန်(၃)ကျောင်းနှင့်ဟိန္ဒူ(၅)ကျောင်း စသည့် ဘာသာ‌ရေးကျောင်းပေါင်း (၁၄) ကျောင်းသို့ ရောက်ရှိပြီး ဘာသာအကျိုးသယ်ပိုးထမ်းရွက်နေသူ (၅၆)ဦးတို့အား အခြေခံစားသောက်ကုန်များ ဖူလုံပြည့်စုံစေရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့်ကြက်သွန်နီ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအဖြစ် ပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်ခြင်းနှင့် သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြစေရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နေဖြင့်  ပြည်သူတို့၏ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ကာ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် ယခု မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကိုလည်း အားလုံးပူးပေါင်း ပါဝင်ကာကွယ်တိုက်ဖျက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။

 

တိုင်းဒေသကြီးဝန်ကြီးအစိုးရအဖွဲ့မှ ရွှေဘိုမြို့ပေါ်ရှိ အစ္စလာမ် (၂၇)ဦး၊ ခရစ်ယာန်(၂၄)ဦးနှင့် အိန္ဒူ(၉)ဦး စသည့်ဘာသာအကျိုး သယ်ပိုးထမ်းရွက်နေသူ (၅၆)ဦးတို့အား အခြေခံစားသောက်ကုန်များ ဖူလုံပြည့်စုံစေရေးအတွက် ဆန်အိတ်ပေါင်း(၁၄)အိတ်၊ ဆီပိဿာပေါင်း(၁၄)ပိဿာ၊ ဆားပိဿာ ပေါင်း(၁၄)ပိဿာ၊ ပဲပိဿာပေါင်း(၁၄)ပိဿာနှင့် ကြက်သွန်နီပိဿာပေါင်း(၁၄) ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)