ကြံခင်း ၂၉ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ရှောက်ခုံကျေးရွာအုပ်စု ကွင်းအမှတ် (၁၄၇) (၁၄၈) (၁၄၉) ကွင်းအတွင်းရှိ မွေးမြူရေးအတွက် ခွင့်ပြုထားသည့် မြေလွတ်မြေရိုင်းများအား ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြေလွတ်မြေရိုင်းတွင် ဧရာဝတီမွေးမြူရေးကျေးရွာ(၃)အဖြစ် ထူထောင်မည့် လုပ်ပိုင်ခွင့်ချထားသော (၆၃၃)ဧကရှိ မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မွေးမြူရေးတောင်သူများနှင့် ညှိနှိုင်းပေါင်းစပ် လုပ်ဆောင်ရန် မှာကြားခဲ့သည်။

 

ထို့နောက် ဧရာဝတီမွေးမြူရေးကျေးရွာ တာဝန်ခံ ဦးစည်သူမှ လုပ်ငန်းလိုအပ်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်များမှ မွေးမြူရေးတောင်သူ (၄၂)ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာသို့ ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သိရသည်။

 

မိုးမိုး(ပြန်/ဆက်)