ကျုံပျော် ၁၁ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့နယ် မြို့ချောင်းကျေးရွာ အ.လ.ကရှိ ရွှေနှင့်မြ မင်္ဂလာ စာသင်ကျောင်းဆောင်သစ်အား ယနေ့ နံနက် ၉ နာရီက တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်အား ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးအေးထွန်း၊ အလှူရှင် ဦးအောင်ရွှေနှင့် ဒေါ်မြမြလင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ကျောင်းဆောင်သစ်အား ကြည့်ရှုကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်များကိုယ်စား ဦးနေလင်းက လှူဒါန်းရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ယင်းနောက် အလှူရှင်များက ကျောင်းဆောင်သစ်ကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ရွှေနှင့်မြ မင်္ဂလာကျောင်းဆောင်သစ် ပေ ၆၀×၃၀ကို ဦးအောင်ရွှေနှင့် ဒေါ်မြမြလင်း မိသားစု (Chaungther Lodge Hotel, Bagan Lodge Hotel ၊ စိန်ခဲ၊ ရွှေခဲ၊ ငွေခဲ၊ ပုလဲ ငါးငံပြာရည်နှင့် Golden Dragon Sauce Com.L,td) တို့က ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး၊ ကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်ဟောင်းနှစ်ခု ပြုပြင်ခြင်း အပါအဝင် စာရေးခုံများ၊ စင်္ကြံလမ်းနှင့် သန့်စင်ခန်းများ ပြုလုပ်ခြင်းတို့အတွက် စုစုပေါင်း ငွေကျပ်သိန်း (၅၃၀) လှူဒါန်းခဲ့ကြောင်းသိရသည်။
နေဝင်း(ပြန်/ဆက်)