မြိတ် ဇူလိုင် ၂၂

 

တနင်္သာရီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ဒေသဝမ်းစာဖူလုံရေးနှင့် လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာတွင် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲနှင့် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိန်ကိုက်အချိုးကျ အသုံးပြုနည်း ကွင်းသရုပ်ပြခြင်း၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဆွေးပုံပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့သည်။

 

ဦးစွာ ဝန်ကြီးချုပ်က ဒေသဝမ်းစာဖူလုံရေး ဆောင်ရွက်ရာတွင် မြေဧရိယာချဲ့ထွင်ရန် အကန့်အသတ်ရှိ‌သောကြောင့် သီးနှံတစ်ဧက အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း၊ စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေ၊ မြေ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ စိုက်နည်းစနစ် ပြောင်းလဲကျင့်သုံးခြင်းများ ဆောင်ရွက်ရမှာဖြစ်သလို မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာ မြေဆွေးပုံများ ပြုလုပ်ထည့်သွင်းခြင်းနဲ့ ဓါတ်မြေဩဇာကဲ့သို့ သွင်းအားစုများကို အချိန်မှန်အချိုးကျသုံးစွဲခြင်း စသည့် လုပ်ငန်းများသည်လည်း မဖြစ်မနေလိုအပ်မှာ ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဘက်ပေါင်းစုံမှ တွန်းအားပေး ကူညီဆောင်ရွက်‌ပေးလျက်ရှိကြောင်း တစ်ဧကအထွက်နှုန်း တိုးတက်လာအောင် တောင်သူများအနေနဲ့ ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်းပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူ(၇၀)ဦးအား သဘာဝမြေဩဇာများ အိတ် (၇၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးနည်း ပညာပြန့်ပွားရေးစင်တာတွင် ပြုလုပ်သည့် သဘာဝ မြေဩဇာနှင့် ဓါတ်မြေဩဇာ အချိန်ကိုက်အချိုးကျ အသုံးပြုနည်း ကွင်းသရုပ်ပြပွဲနှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဆွေးပုံပြုလုပ်ခြင်း ကွင်းသရုပ်ပြဆောင်ရွက်နေမှုအား လည်းကောင်း၊ ကျောက်ဖျာကျေးရွာရှိ တစ်နေ့လျှင် တန်(၁၅၀)ကျ OK ရတနာအဆင့်မြင့်ဆန်စက်သို့ လည်းကောင်း၊ စပါးစိုက်ပျိုးထုတ်လုပ်သူများနှင့် လယ်ယာဝန်ဆောင်မှုအသင်းမှ အသင်းဝင်တောင်သူ (၅၂)ဦးအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၃၅၂)သိန်း၊ မြိတ်ခရိုင်ရှိ တောင်သူများအား လယ်ဧက(၃၀၀၀)အတွက် ဒေသနှင့် ကိုက်ညီသည့် မျိုးစပါး(၂၃၇၇)တင်း၊ သဘာဝဓါတ်မြေဩဇာ (၂၉၆၇)အိတ်၊ စက်သုံးဆီဂါလန် (၅၀၀၀)ကို ထုတ်ချေးငွေများအား အသင်းဥက္ကဋ္ဌက တောင်သူများသို့ ပေးအပ်မှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြသည်။

 

ခိုင်ထူး (ပြန်/ဆက်)