တနင်္သာရီ အောက်တိုဘာ ၁၄  

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာ၁၄ ရက်က တနင်္သာရီမြို့သို့ရောက်ရှိကာ တနင်္သာရီမြို့-ဗောဓိကမ်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာတွင် တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းနိုင်က ဗောဓိကမ်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် အချက်အလက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်းက ချည်းကပ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ ဗောဓိကမ်းတံတားတည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ ၂၀၁၈ ခုနှစ်၊ မေ (၁)ရက်က စ၍တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတား၏အရှည် (၇၈၇)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄) ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေစီ ပါရှိကာ  ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ နှစ်ရပ်ပေါင်း ကျပ်သန်းပေါင်း(၅၀၀၀)ဖြင့် ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ  တံတားလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတံတား၏ ချဉ်းကပ်လမ်းမှာ တနင်္သာရီဘက်ကမ်းမှ ချည်းကပ်လမ်း အရှည် (၃၉၇၀)ပေနှင့် ဗောဓိကမ်း ကျေးရွာဘက်ခြမ်းမှ ချည်းကပ်လမ်းအရှည်(၁၂၂၇)ပေ စုစုပေါင်း အရှည် ၅၁၉၇ ပေရှိပြီး လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ရာ ဒေသတွင်းပြည်သူများ အဆင်ပြေလွယ်ကူစွာ ခရီးသွားလာ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)