အောက်တိုဘာ ၆ ရက်

 

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အပြည်ပြည်ဆိုင်ရာစီးပွားရေး ဗဟိုဌာန၌ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကား ပြောကြားပြီး အဘိုးတစ်ဦးမှ သက်ကြီးရွယ်အိုများကိုယ်စား ရင်တွင်းစကားပြောကြားခဲ့သည်။

 

ဆက်လက်၍ လှုမှုဝန်ထမ်းဦးစီးဌာန သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် သီလရှင်လေးများ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများက Zumba အကနှင့် ယောဂလေ့ကျင့်ခန်း သရုပ်ပြခြင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ဘိုးဘွားများအား ကူညီထောက်ပံ့သည့် မှတ်တမ်းဓာတ်ပုံပြခန်းအား ကြည့်ရှုခဲ့ကြသည်။

 

အဆိုပါဂုဏ်ပြုပွဲအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးက “အသက်ကြောင့် မခွဲခြား တို့ဘိုးဘွား စွမ်းအားတူညီ လျှောက်လှမ်းမည် ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။

 

လှုမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ၈၅ နှစ်အထက် သက်ကြီးအဘိုးအဘွား  တစ်ဦးလျှင် တစ်လတစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းအတွင်း ဘိုးဘွားနှစ်သောင်းကျော်ရှိကြောင်း လှုမှုဝန်ထမ်းဦးစီးဌာန၏ စာရင်းအရ သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)