ရန်ကုန် ၁၀ ဧပြီ
ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်း ကိုဗစ် - ၁၉ စောင့်ကြပ် ကြည့်ရှု စင်တာတွင်ထားရှိသည့် ၂၈၁ ဦး ၏ ၁၄ ရက်ပြည့် တွေ့ဆုံနှုတ်ဆက်ပွဲသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဧပြီ ၉ ရက် မွန်းလွဲ ၃ နာရီတွင် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ဝန်ကြီးချုပ်က ၁၄ ရက်အတွင်း ကောင်းမွန်ပြည်စုံသော နေရာတစ်ခုစီစဉ်ပေးပြီး အဘက်ဘက်ကပြည့်စုံအောင်ဆောက်ရွက်ပေးသော ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက် ဓမ္မရံသီနာယကချုပ်ဆရာတော်နှင့် စေတနာလုပ်အားဒါန ပါဝင်ကူညီပေးသူများအား အထူးကျေးဇူးတင်ကြောင်း၊ ပြည်ပမှပြန်လာပြီး Quarantine ၁၄ ရက်ကို ဖြတ်သန်းဆောင်ရွက်ခဲ့သူ ၂၁၈ ဦးကိုလည်း ကျေးဇူးတင်ပါကြောင်းယခုလို ဆောင်ရွက်ခြင်းဖြင့် မိမိ၏မိသားစု၊ ရပ်ရွာဒေသနှင့်နိုင်ငံကို ကူညီရာရောက်ကြောင်း၊ နေရပ်ပြန်များအတွက်လည်း ၁၄ ရက် သီးသန့်စောင့်ကြည့်နေထိုင်ခဲ့ကြောင်း ထောက်ခံချက်များပေးအပ်လိုက်မည်ဖြစ်ကြောင်း နေရပ်များသို့ပြန်ရောက်ပါကလည်း ဂရုတစိုက် နေထိုင်သွားရန်နှင့် မိမိ၏ကျန်းမာရေးကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှပြန်လာသူများကို Quarantine စခန်းများဖွင့်လှစ်၍ ၁၄ ရက်စောင့်ကြပ်ကြည့်ရူ့ခြင်းများ ဆောင်ရွက်လျှက်ရှိရာ မတ်လ ၂၇ ရက်နေ့၌ ပြည်ပပြန် ၂၁၈ ဦးကို ဓမ္မရံသီနာယကချုပ်ဆရာတော်၏ ကူညီမှုဖြင့်ကျောင်းတိုက်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု့ထားရာယနေ့ ဧပြီ ၉ ရက်နေ့တွင် ၁၄ ရက်ပြည့်မြောက်၍ နေအိမ်သို့ ပြန်ကြမည်ဖြစ်ပြီး ၎င်းတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မော်တော်ယာဉ်များ စီစဉ်ပေးထားကြောင်း သိရသည်။
ယင်းနောက် ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁ / ၁ တိုးဂိတ်တွင် ကိုဗစ်-၁၉ စစ်ဆေးရေး အဆောက်အအုံပြန်လည်တည်ဆောက်နေမှုများကို စစ်ဆေးကြည့်ရှုခဲ့ကြသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)