ရန်ကုန်  ၂၁   ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၂၀ ရက်နံနက်ပိုင်းက ခရမ်းမြို့နယ် ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲနှင့် မြို့နယ်ခန်းမဖွင့်ပွဲ တက်ရောက်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

 

ရှေးဦးစွာ နံနက် ၉ နာရီတွင် ပိန်းကန်ကျေးရွာ ယာယီမဏ္ဍပ်၌ဝန်ကြီးချုပ်၊  တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်နှင့် တာဝန်ရှိသူများက ခရမ်းမြို့နယ်  ကျုံတူး-ခင်တန်း-ရိုးကြီး-လှဘီလူး-ပိန်းကန် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

"ဒီနေ့ ဖွင့်လှစ်လိုက်တဲ့လမ်းဟာ ဒေသခံ ပြည်သူလူထုတွေရဲ့ လူမှုဘဝအတွက် များစွာ အထောက်အကူပြုမှာ ဖြစ်သလို ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးကို အများကြီး အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။” ဒါကြောင့် လမ်းရေရှည်တံ့တည်ခိုင်မြဲဖို့ ပြည်သူတွေက ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုပါကြောင်းနှင့် ရွာတိုင်းရွာတိုင်း လမ်းတွေခင်းနိုင်ပြီး လျှပ်စစ်မီးတွေ လင်းနိုင်ကာ မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ကျေးလက်ဒေသကိုပါ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာဖို့ ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း "ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ယင်းကွန်ကရစ်လမ်းသည်  ကျေးရွာပေါင်း(၂၁)ရွာရှိ အိမ်ထောင်စုပေါင်း ၃၂၀ဝ ကျော်၊ လူဦးရေ (၁၂၀ဝ၀)ကျော်တို့၏ လယ်ယာထွက်ကုန်နှင့် ကုန်စည်စီးဆင်းမှုများကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ နံနက် ၁၀ နာရီတွင် ခရမ်းမြို့နယ် မြို့နယ်ခန်းမအား လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ဖဲကြိုးဖြတ်၍ ဝန်ကြီးချုပ် က စက်ခလုပ်နှိပ်ကာ ဖွင့်လှစ်ပေးကြသည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)