ရန်ကုန် ၂၁ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာနနှင့် Myanmar Aquariums ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကန်တော်ကြီး နိုင်ငံတကာအဆင့်မီ ငါးပြတိုက် ဆောက်လုပ်ပြီးစီးမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် Myanmar Aquariums ကုမ္ပဏီလီမိတက်မှ တာဝန်ခံ ဦးသိန်းမင်းဇံက အဆိုပါငါးပြတိုက်မှာ ယခင်က ရေချိုငါးပြတိုက်ဖြစ်ပြီး ယခု ရေချို၊ ရေငန် နှစ်မျိုးနှစ်စား ပါဝင်သော ငါးပြတိုက်အဖြစ် စင်ကာပူနိုင်ငံရှိ Surbana မှ ဒီဇိုင်းရေးဆွဲပေးထားကာ အဆောက်အအုံပုံစံသစ်မှာ Steel Structure နှစ်ထပ်ခွဲအမျိုး အစားဖြစ်ကြောင်း၊ ငါးပြကွက်ပေါင်း ၂ဝ ကျော်ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြကွက်အတွက် ငါးအမျိုးအစားပေါင်း ထောင်ချီပြသသွားမည်ဖြစ်ပြီး ပြည်ပပြကွက်အတွက်လည်း ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ အမျိုးအစားများ ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း၊ ရခိုင်ကမ်းရိုးတန်း ပင်လယ်ဒေသရှိ ငါးအမျိုးအစားများ၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ငါးများကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ကြစေရန်အတွက် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း၊ တစ်မူထူးခြားတာကတော့ ဒီပြတိုက်မှာ နိုင်ငံတကာအဆင့်မီ ရေအောက်ဥမင်လည်း ထည့်သွင်းတည်ဆောက်ထားပြီး လာရောက် ကြည့်ရှုကြတဲ့ပရိသတ်များ ပင်လယ်ရေအောက် ရောက်သွားသလိုမျိုး ခံစားနိုင်အောင် ဆောင်ရွက်ထားပါကြောင်း၊ လာရောက်ကြည့်ရှုကြမည့် ပြည်သူများအတွက် ငါးပြတိုက်အဝင်ဝ၌ ငါးအမျိုးအစားများ အကြောင်းနှင့် ပြကွက်များကို ရှင်းလင်းပြောကြားပေးခြင်း၊ အချို့ငါးပြကွက်များရှိ ငါးများကို ကလေးငယ်များက ပျော်ရွှင်မြူးထူးစွာ ဆော့ကစားနိုင်အောင် စီစဉ်ထားပါကြောင်းနှင့် ပြတိုက်သို့ လာရောက်သည့် မော်တော်ယာဉ်များအတွက် အဝင်အထွက်လမ်းနှင့် ကားပါကင်ဆောင်ရွက်ထားရှိမှုများနှင့် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်မည်ကြောင်း ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ရှင်းလင်းတင်ပြခဲ့သည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)

 

mdn