မတ် ၈ ရက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာအတွင်းရှိ ချောင်းရိုးဒေသကြီးရုံးတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာရှိ ပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

0683

 

ဆက်လက်၍ နံနက် ၁၁ နာရီခွဲတွင် ဝန်ကြီးချုပ်သည် ငမိုးရိပ်ချောင်းပေါ်တွင် တည်ဆောက်ထားသော ဂျုံးဂျုံးကျကျေးရွာနှင့် ဘိုးရင်ကလေးကျေးရွာတို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အစီအစဉ်များကို ဆွေးနွေးခဲ့သည်။

အဆိုပါကျေးရွာချင်းဆက် ငမိုးရိပ်တံတားမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့ပြီး တံတားအရှည် ၂၄၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေရှိသည်။

ထို့နောက် မွန်းတည့် ၁၂ ရီတွင် ဝန်ကြီးချုပ်သည် ဘိုးကရင် -ကင်ပွန်းခြုံ (ငမိုးရိပ်ချောင်းကူတံတား) တည်ဆောက်ဆဲလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံကာ ကျေးရွာလိုအပ်ချက်များနှင့် တည်ဆောက်ဆဲတံတားအား အချိန်နှင့်တပြေးညီ ပြီးစီးနိုင်ရန်နှင့် ယင်းတံတားနှင့် ဆက်စပ်လျက်ရှိသည့် လမ်းပိုင်းကို ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအား တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ဘိုးရင်ကလေး-ကင်ပွန်းခြုံ (ငမိုးရိပ်ချောင်းကူး) တံတားသည် အရှည် ၂၄၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေရှိ သံကူကွန်ကရစ်တံတားဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)