ရန်ကုန်  ၂၇ မတ်

 

Covid-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့်သူများအား စောင့်ကြပ်ကြည့်ရှုထားရှိမည့် လှည်းကူးမြို့နယ် အတွင်းရှိနေရာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြည်ပနိုင်ငံအသီးသီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများအား ၁၄ ရက်ကြာ သီးခြားခွဲပြီး အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုထားရှိမည့် လှည်းကူးမြို့နယ် အမြန်လမ်းတိုးဂိတ်အနီး ဇီးရိုးမိုင်နားရှိ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်ရှိအဆောင်များကို ကြည့်ရှုစစ်ဆေးပြီး နေထိုင်စားသောက်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမည့် အစီအစဉ်များကို ဆရာတော်အား လျှောက်ထားခဲ့သည်။

 

အဆိုပါ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်ကြီး၌ ယခုလက်ရှိတွင် ပြည်ပနိုင်ငံများမှ ပြန်လာသူ ၉၅ ဦးအား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း Quarantine ပြုလုပ်ထားပြီး ကျောင်းတိုက်အတွင်း အဆောင် ၃ ဆောင်အား စီစဉ်ထားရှိကာ လူဦးရေ ၄၀၀ ကျော်ခန့် ထားရှိနိုင်ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ရှိ ဒဂုံဆောင်၊ ယုဇနဆောင်၊ ဥတ္တရဆောင်နှင့် အခြားအဆောင်များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည့်အစီအမံများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိနိုင်ရေးအတွက် ဖောင်ကြီးဧည့်ရိပ်သာ၌ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန် /ဆက်)