ဇန်နဝါရီ ၂၃ ရက်
ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည့် ဒုတိယအကြိမ်မြောက် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ ၃ တွင် ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး ဆပ်ကော်မတီများက မိမိတို့တာဝန်ယူ ဆောင်ရွက်မည့်ကဏ္ဍာများကို ရှင်းလင်းတင်ပြခဲ့ကြရာ ဝန်ကြီးချုပ်မှ ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် လိုအပ်ချက်များရှိပါက မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြရန် လမ်းညွှန်မှာကြားသည်။

ပွဲတော်ကြီးတွင် နိုင်ငံတော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသားလူမျိုး တစ်စုချင်းစီ၏ စုပေါင်းအကအလှများ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့များ၊ နေထိုင်မှု ပုံစံများ၊ ဝတ်စားဆင်ယင်မှုများနှင့် အထင်ကရနေရာများကို တည်းဖြတ်ဖော်ပြထားရှိသော Virtual Reality (VR) နှင့် Augmented Reality (AR) နည်းပညာပြခန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် မိမိတို့၏ ကုန်ပစ္စည်းများကို ကြော်ငြာခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နိုင်ရန်အတွက် Exhibition Booth များ၊ လူမျိုးဘာသာမရွေး အလွယ်တကူ မှာယူစားသောက်နိုင်သည့် တိုင်းရင်းသားရိုးရာနှင့် အထွေထွေစားသောက်ဆိုင်များ အမှတ်တရဓာတ်ပုံများ ရိုက်ကူးရန်အတွက် Photo Booth များ၊ ပွဲတော်အထိမ်းအမှတ် အနေဖြင့် ကျင်းပသော အားကစားပွဲများ ထည့်သွင်းထားကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)