ပွင့်ဖြူ ဇွန် ၂၁

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၂၁ ရက် နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ ဒေသခံတောင်သူ ဦးတင်ငွေ၏ နွေစပါးစိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုများကို ကွင်းဆင်းကြည့်ရှုပြီး နွေစပါးသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး ဒေသခံတောင်သူများကို တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ နွေစပါးစိုက်ခင်းအနီး ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ ဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ၂၀၂၂ ခုနှစ် နွေစပါးသီးနှံစိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စုအလိုက် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ရေး တစ်ဧက  စပါးတင်း ၁၂၀ ထွက်ရှိရန် မျှော်မှန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများ တစ်ဦးချင်းအလိုက် သီးနှံဝင်ငွေတိုးပွားရေးအတွက် အထွက်နှုန်းကောင်းသော စပါးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးထုတ်လုပ်သွားရန်၊ စားသုံးသီးနှံများတွင် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုးစရိတ်အကုန်အကျ သက်သာသော သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများ အစားထိုး ထုတ်လုပ်သုံးစွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)