ပဲခူး၊ ၁၁ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာ နန္ဒာသီရိဘုန်းတော်ကြီးကျောင်း၌ တက်ဆွဲကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် တက်ဆွဲကျေးရွာ နန္ဒာသီရိဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

 

ထို့နောက် ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က မိမိတို့အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်းဖြစ်နေသော်လည်း ဒေသခံပြည်သူများ၏ အခက်အခဲများ၊ မြို့နယ်အလိုက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ သွားရောက်ကြည့်ရှု ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလည်း အထူးသဖြင့် ကျေးလက်ဒေသများ၏ လမ်း၊ တံတား၊ လျှပ်စစ်မီးများ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှု၍ ဘဏ္ဍာနှစ်အလိုက် ကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်းစေရန် လမ်းနှင့်တံတားများ တည်ဆောက်ပေးရေး၊ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးရန် တင်ပြခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။

 

တွေ့ဆုံပွဲသို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn