ပဲခူး ၈ မတ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ် ၇ ရက် နံနက် ၉ နာရီခွဲက ကျောက်တံခါးမြို့နယ် သရက်စိန်ကျေးရွာ ဓမ္မသိဒ္ဓိဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆင်ဇလုပ်၊ ဆားပြင်၊ တူမောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

 

1818

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သရက်စိန်ကျေးရွာ ဓမ္မသိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်မှ ပြည်သူတင်မြှောက်လိုက်တဲ့ အစိုးရတစ်ခု၏ လုပ်ငန်းတာဝန်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းစွာ သိရှိနိုင်စေရန် မိသားစုစကားဝိုင်းတစ်ခုအနေဖြင့် လာရောက်တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ အများကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ဦးစားပေးတင်ပြရန် လိုအပ်ပါကြောင်း၊ အာဏာရှင်စနစ်၏ အခြေခံသည် လူတစ်ဦးချင်းစီ၏ အတ္တပေါ်တွင် အခြေခံကြောင်း၊ မတူကွဲပြားမှုများကို ခွဲခြားနေသ၍ လွတ်လပ်သော ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခုကို မတည်ဆောက်နိုင်ကြောင်း၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဘာသာနှင့် တစ်ဘာသာ မည်သို့ပင် မတူကွဲပြားနေပါစေ အများကောင်းကျိုး၊ နိုင်ငံကောင်းကျိုး အတူပူးပေါင်းဆောင်ရွက်တတ်သည့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းလေးတစ်ခုရှိရုံနှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းတစ်ခုကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်လွင်မှ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါ 2019-nCon ဖြစ်ပွားမှု၊ ကူးစက်မှု၊ ကြိုတင်ကာကွယ်မှုများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် မြစိမ်းရောင်စီမံကိန်းဆိုင်ရာများကို လည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားကြသည်။

 

1830

 

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဆင်ဇလုပ်၊ ဆားပြင်၊ တူမောင်ကျေးရွာအုပ်စုများ အတွင်းရှိ  ဥသျှစ်ကုန်း၊ အင်းဝိုင်းကြီး၊ အောင်မင်္ဂလာ၊ သရက်စိန်၊ မိုးမခ၊ ဘန့်ဘွေးကုန်း၊ ဆင်သေအင်း၊ အောင်သာယာ၊ ချောင်းစောက်၊ တူမောင်၊ ဆားပြင် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများက မိုးမခကွင်းချောင်းတံတား၊ အောင်မင်္ဂလာကျေးရွာ ကျေးရွာချင်းဆက်လမ်း၊ ဥသျှစ်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း အဆင့်မြှင့်တင်ဖွင့်လှစ်ပေးရန်၊ တူမောင်-အင်းဝိုင်းကြီး ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ပေးရန်၊ သရက်စိန်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်း ထားရှိဖွင့်လှစ်ပေးရန်၊ သရက်စိန်ကျေးရွာအား စံပြကျေးရွာအဖြစ် ဆောင်ရွက်ပေးရန်၊ မိုးမခ-သရက်စိန် မြေသားလမ်းကိစ္စ၊ အမြန်လမ်းမြေသိမ်းထားသည့်ကိစ္စ၊ အင်းဝိုင်းကြီး-ဘန့်ဘွေးကုန်း ကျေးရွာချင်းဆက်လမ်းကိစ္စ၊ ဆင်သေကျေးရွာကူး တံတားကိစ္စ၊ ကော်ဖီခြံကိစ္စ၊ ဆားပြင်ကျေးရွာ စာသင်ကျောင်းနှင့် လမ်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ လယ်ယာမြေဆိုင်ကိစ္စ စသည့်ကိစ္စများကို တင်ပြကြရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်လွှာအား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၂၇၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)