ပဲခူး၊ ၂၄ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီ ၂၃ ရက်က ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာအနီး ပဲခူးမြစ်ခွဲ စစ်ပင်ဆိပ်ချောင်းပေါ်တွင် ဆောင်ရွက်ထားသော ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များသို့ နှစ်စဉ်နွေစပါးစိုက်ပျိုးရေပေးဝေရန် ဆောင်ရွက်ထားသည့် စစ်ပင်ဆိပ်နွေစပါး ချောင်းပိတ်မြေသားတမံ ဆောင်ရွက်ထားရှိမှုနှင့် ရေရှည်အတွက် ရေတံခါးတည်ဆောက်ရန် လျာထားနေရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွှန့်တို့က နွေစပါးချောင်းပိတ်မြေသားတမံ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မြေသားချောင်းပိတ်တမံနေရာတွင် အခိုင်အမာရေတံခါးတည်ဆောက်ရန် လျာထားမှုအခြေအနေများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လမ်းညွှန်တင်ပြချက်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ ဦးစီးဌာနအောက်ရှိ ဇလဗေဒ၊ ဘူမိဗေဒ၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲများမှ ပညာရှင်များ၏ ရေတံခါးဆိုင်ရာ စူးစမ်းလေ့လာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

အဆိုပါ စစ်ပင်ဆိပ် ယာယီမြေသားချောင်းပိတ်တမံလုပ်ငန်းသည် နှစ်စဉ်ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပြီး ချောင်းပိတ်တမံ ဆောင်ရွက်ပြီးမှသာ ပဲခူးမြစ်ရေ၊ ဇောင်းတူရေလှေင်တမံ၊ ကိုဒူကွဲရေလှောင်တမံ၊ စလူရေလှောင်တမံနှင့် ရွှေလောင်းရေလှောင်တမံတို့မှ သိုလှောင်ရေများအား ပဲခူးမြို့နယ် ဘောနတ်ကြီးကျေးရွာအနီးရှိ ဇောင်းတူရေလွှဲဆည်မှတစ်ဆင့် ရေပေးမြောင်းများအတိုင်း ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ လယ်မြေများအား စိုက်ပျိုးရေပေးဝေရခြင်း ဖြစ်သည်။

 

ထို့အပြင် မိုးယွန်းကြီးရေလှောင်ကန်နှင့် ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ရေဖြည့်သွင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်တို့အထိလည်း နွေစပါးစိုက်ပျိုးရေ ထပ်မံပေးဝေရကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး မိုင် (၃၀)ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်တို့အတွင်း တိုင်းဒေသကြီးနှစ်ခု၌ နွေစပါးစိုက်ဧကစုစုပေါင်း (၄၀၀၀၀)ဧကကျော်အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေသောက်စနစ် ရေပေးမြောင်းများဖြင့်လည်းကောင်း၊ ဆက်စပ်ရေသွယ်မြောင်းများဖြင့် ရေသွယ်ရယူခြင်းဖြင့်လည်းကောင်း နှစ်စဉ်ဆောင်ရွက်ပေးဝေလျက်ရှိပြီး ရေပေးလမ်းကြောင်းအရှည်သည် ပဲခူးမြို့နယ် ဇောင်းတူရေလွှဲဆည်မှ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ခရမ်းရေထိန်းတံခါးအထိ အရှည်(၉၂ မိုင်)ခန့်ရှိကြောင်း သိရသည်။

 

စစ်ပင်ဆိပ်ချောင်းပိတ်တမံသည် နှစ်စဉ်မြေသားဖြင့် ဆောင်ရွက်နေရသည့်အတွက် Borrow မြေသားရှားပါးလာခြင်းအပြင် ပဲခူးမြစ်ရေလျော့ကျမှသာ ဆောင်ရွက်၍ရသဖြင့် ရာသီဥတုဖောက်ပြန်သည့်နှစ်များတွင် နွေစပါးစိုက်ရာသီအမီ ပြီးစီးအောင် ဆောင်ရွက်ရခြင်းတွင် အခက်အခဲများကြုံတွေ့နေရသော်လည်း ဌာနအနေဖြင့် နှစ်စဉ်အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီဇင်ဘာလအတွင်းတွင် ဇောင်းတူရေလွဲဆည်မှ စိုက်ပျိုးရေပေးဝေလျက်ရှိသည့်အပြင် ရေပေးကာလအတွင်း မျှော်မှန်း၍မရသော ရာသီဥတုဖောက်ပြန်ခြင်းဖြင့် ချောင်းပိတ်တမံကြံ့ခိုင်မှု ထိခိုက်လာနိုင်မှုများ ရှိနိုင်လာသည့်အတွက် စစ်ပင်ဆိပ် ယာယီနွေစပါး မြေသားချောင်းပိတ် တမံနေရာတွင် အခိုင်အမာ ရေပေးအဆောက်အအုံတစ်ခု တည်ဆောက်ရန် လိုအပ်သဖြင့် ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီးတို့၏ အစီအစဉ်များဖြင့် တည်ဆောက်ပေးလျှင် လွန်စွာအကျိုးဖြစ်ထွန်းမည့် လုပ်ငန်းဖြစ်ကြောင်း သိရှိရသည်။

 

တင်စိုး(ပဲခူး)