ပဲခူး၊ ၂၁ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲက ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ညောင်လေးပင်မြို့နယ်အတွင်းမှ မြေယာတိုင်ကြားစာများအား ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ညောင်လေးပင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က ညောင်လေးပင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် လယ်ယာမြေတိုင်ကြားစာပါ ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက တိုင်ကြားစာပါ ဖြစ်စဉ်များအပေါ် အကြံပြုဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


