ပဲခူး၊ ၂၇ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး သယံဇာတ၊ ပတ်ဝန်ကျင်းထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ ကျုံးကူးတံတားတည်ဆောက်ခြင်းနှင့် အရှေ့မြို့ရှောင်လမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကျုံးကူးတံတားတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုးနှင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၉)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးတို့က သမိန်ဗရမ်းလမ်း - ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတား တည်ဆောက်ခြင်းဆိုင်ရာများနှင့် ပဲခူးမြို့အရှေ့မြို့ရှောင်လမ်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် အရှေ့မြို့ရှောင်လမ်းအား ကြည့်ရှုစစ်ဆေးကြသည်။

 

အဆိုပါ ပဲခူးမြို့ သမိန်ဗရမ်းလမ်း - ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတားသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၆ ဒသမ ၈၄၃ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၆၂၀ သန်းဖြင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူကာ တံတားအရှည် (၂၁၀)ပေ၊ အကျယ် (၂၄)ပေရှိ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)