တောင်ငူ ၃ နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီက လွတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့နယ် စပါးကြွယ်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ပြည်သူများ၏ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရွာဦးကျောင်းဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်မှ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခြင်းသည် ပြည်သူများ၏ အခက်အခဲ လိုအပ်ချက်များ ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း အချင်းချင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မေတ္တာများထားရှိပြီး နိုင်ငံအတွင်း နေထိုင်သူအားလုံး ကိုယ့်တာဝန်ကို ကျေပွန်ထမ်းဆောင်ကြရန်လိုကြောင်း၊ တာဝန်ကျေပွန်အောင် လုပ်ဆောင်မှသာလျှင် ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံတော်ကြီး အမြန်ဖြစ်လာမှာဖြစ်ကြောင်း၊ ပြည်သူများ၏ ဒေသ ဖွံ့ဖြိုးရေးအတွက် တင်ပြချက်များ၊ လူမှုရေး အခက်အခဲပြဿနာများအနက်မှ ချက်ချင်း ဖြေရှင်းလို့ရသည့် ကိစ္စများကို ချက်ချင်းဖြေရှင်ပေးသွားမည်ဖြစ်ပြီး ချက်ချင်းဖြေရှင်း၍ မရသည့် ကိစ္စများကို အချိန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများမှလည်း ပွင့်ပွင့်လင်းလင်း တင်ပြပေးကြရန်လိုကြောင်း အမှာစကားပြောကြားသည်။ 

 

၂

 

ထို့နောက် ဆင်ဆိပ်အုပ်စု၊ စပါးကြွယ်အုပ်စု၊ ကညင်မြောင်အုပ်စု၊ ဇီးကုန်းအုပ်စုတို့မှ ဒေသခံ ပြည်သူများက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်အတွက် ကျေးရွာချင်းလမ်းများ အဆင့်မြှင့်တင် တိုးချဲ့ပြုပြင်ဆောင်ရွက်ပေးရန်၊  အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ ကျောင်းဆောင်အသစ်များ တိုးချဲ့ ဆောက်လုပ်ပေးရန်၊ စပါးကြွယ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျန်းမာရေး ဌာနအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ကညင်မြောင်ကျေးရွာ အလယ်တန်းကျောင်းအား အထက်တန်းကျောင်း (ခွဲ)အဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ခပေါင်းဆည်ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသည့်တောင်သူများအား လျော်ကြေးငွေပေးရန် ရှိ/မရှိကိစ္စ၊ တောင်ပေါ်ကျေးရွာများနေ ကရင်တိုင်းရင်းသားများအတွက် လုပ်ကိုင်စားသောက်ရန် သတ်သတ်မှတ်မှတ်နေရာတစ်ခု စီစဉ် ဆောင်ရွက်ပေးရန်၊ လျှပ်စစ်ဆားဗစ်ကြိုး တပ်ဆင်ခြင်းနှင့် အိမ်တွင်းမီးတပ်ဆင်ရာတွင် အိမ်တစ်လုံးလျှင် ငွေကျပ်(၃၀ဝ၀ဝ/၃၅၀ဝ၀) ကောက်ခံခြင်းသည် နိုင်ငံတော်မှ တရားဝင် တောင်းခြံခင်း ဟုတ်/မဟုတ်၊ သိမ်းဆည်မြေယာများအား မူလပိုင်ရှင်ထံ ပြန်လည် မရောက်ရှိခြင်း ကိစ္စ၊ ပုံစံ(၇)ထုတ်မပေးခြင်းကိစ္စ စသည်များကို မေးမြန်းတင်ကြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးလွှ တ်တော်ကိုယ်စားလှယ်၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဆင်ဆိပ်အုပ်စု၊ စပါးကြွယ်အုပ်စု၊ ကညင်မြောင်အုပ်စု၊ ဇီးကုန်းအုပ်စုတို့မှ ကျေးရွာပေါင်း(၁၆)ရွာရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

တင်စိုး(ပဲခူး)