ပဲခူး ၃၀ ဇူလိုင်
ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်အကောင်အထည် ဖော်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းအား ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီက Hua Tai Enterprise Co., Ltd မှ Mr. Johno Than ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့လာရောက်တွေ့ဆုံရာတွင် Hua Tai Enterprise Co., Ltd မှ Mr. Johno Than က ပဲခူးမြို့အနီး မြေဧရိယာ (၃၆၀)ဧက၌ စက်မှုဥယျဉ်မြို့တော် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရာတွင် စက်ရုံ(၅၇)ရုံ၊ ဝန်ထမ်းအဆောင် (၁၅)ဆောင်၊ စားသောက်ဆိုင်၊ စျေးဝယ်စင်တာ၊ မူလတန်းကျောင်းနှင့် မိဘမဲ့ဂေဟာတို့ ပါဝင်မည်ဖြစ်ပြီး ဒေသခံပြည်သူ (၆)သောင်းခန့် အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပြီး တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများ ရရှိလာနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်၍ ကြိုဆိုပါကြောင်း၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲထားရာတွင်လည်း စက်မှုစီမံကိန်းလျာထားသည့် မြေနေရာအတွင်း ကျရောက်လျက်ရှိပြီး စက်မှုဇုန်ဥပဒေလည်း ထွက်ရှိလာပြီဖြစ်၍ ဥပဒေနှင့်အညီသာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Hua Tai Enterprise Co., Ltd မှ Mr. Johno Than ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)