ပဲခူး ၇ မတ်

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မတ် ၆ ရက် ညနေ ၄ နာရီခွဲက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂတို့ တွေ့ဆုံခဲ့သည်။

 

mdn

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိကိုယ်တိုင် တောင်သူလယ်သများ သားသမီးဖြစ်၍ မိဘပြည်သူ တောင်သူလယ်သမားများအပေါ် ကိုယ်ချင်းစာစိတ်ထားပြီး အမြဲအဆင်ပြေနိုင်ရန် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အစိုးရ တက်လာသည့်အချိန်ကစပြီး ဌာနဆိုင်ရာများ အသုံးမပြုဘဲ သိမ်းဆည်းခဲ့သည့် လယ်ယာမြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့တာ အားလုံးအသိပင်ဖြစ်ကြောင်း၊ မြေယာသိမ်းဆည်းခဲ့စဉ်က နစ်နာကြေး၊ လျော်ကြေးမရရှိခဲ့သည့် ပြည်သူများကိုလည်း ထိုက်သင့်သည့် နစ်နာကြေး၊ လျော်ကြေးများ ရရှိစေရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂနှင့် တွေ့ဆုံရခြင်းကိုလည်း ဝမ်းမြောက်ပါကြောင်းနှင့် နစ်နာဆဲ တောင်သူများလည်း တစ်ပါတည်းခေါ်ဆောင်လာခဲ့သည့်အတွက် မိသားစုအသွင်သဏ္ဌာန်ဖြင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ နာယက ဦးဆန်းဆင့်က ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်အား လည်းကောင်း၊ တက်ရောက်လာသည့် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့မှ နစ်နာခဲ့သည့် တောင်သူလယ်သမားများက မိမိတို့ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြေယာဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းခြင်း၊ အစိုးရအဖွဲ့မှ စာနာထောက်ထား၍ ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အပိုင်းများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

mdn

 

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ နာယကနှင့် အဖွဲ့ဝင်များ၊ နစ်နာခဲ့သူ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပဲခူး)