ပဲခူး ၆ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ သြဂုတ် ၆ ရက် နံနက် ၁၀ နာရီခွဲက Carlsberg Myanmar Co., Ltd မှ Mr. Christoph Vavrik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ လာရောက်ရှင်းလင်းတင်ပြသည်။

 

ရှေးဦးစွာ Carlsberg Myanmar Co., Ltd မှ Mr. Christoph Vavrik က မိမိတို့ကုမ္ပဏီသည် ဒိန်းမတ်နိုင်ငံမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် အမေရိကန်ဒေါ်လာ (၃၇)သန်းဖြင့် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခုအခါ အစိုးရ၏ကူညီမှုကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးချဲ့လာနိုင်ခဲ့ပြီဖြစ်၍ ကျေးဇူးတင်ရှိပါကြောင်းနှင့် ထပ်မံ၍လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီး အောင်မြင်မှုရရှိနေသည်ကို သိရှိရ၍ ဝမ်းမြောက်ပါကြောင်းနှင့် တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိနိုင်သည့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို မိမိတို့အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် Carlsberg Myanmar Co., Ltd မှ Mr. Christoph Vavrik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)