ကန့်ဘလူ ၂၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောရှိ ရွှေမြေပဒေသာဧည့်ရိပ်သာတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မြန်မာ့ရွှေသမင်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားရှိမှုနှင့် စပ်လျဉ်း၍ အစည်းအဝေးကို မေ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကန့်ဘလူခရိုင်၊ ကသာခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ဘေးမဲ့တောဧရိယာအတွင်း ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားရှိမှု အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း ဖြည့်စွက်ကာ အကြံပြုတင်ပြကြသည်။ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည့်ပေးပြီး ဘေးမဲ့တောအတွင်းရှိ ရွှေသမင်များအတွက် ရေကန်တူးဖော်ရေး၊ ရေတားတုတ်များရိုက်ရေး၊ သီးနှံစားပင်များ စိုက်ပျိုးရးတို့အတွက် ငွေကျပ် ၂၅ သိန်း၊ ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥ၊ ကြက်သွန်နီ စသည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကန့်ဘလူခရိုင် အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်၊ ကသာခရိုင် ကောလင်းမြို့နယ်တို့၏ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီထံသို့ နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း ရွှေသမင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ သဘာဝသစ်တောကြီး ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


