ရန်ကုန် ၂၂ စက်တင်ဘာ
မြန်မာနိုင်ငံကင်းထောက်သမိုင်း ပြုစုရေးတွင် အထောက်အကူပြုရန်နှင့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် မှတ်တမ်းဓါတ်ပုံ ပြခန်းတွင်ပြသရန် ဝန်ကြီးချုပ်ဟောင်းဦးနု၏ ကင်းထောက်ဝတ်စုံဖြင့် ရိုက်ကူးခဲ့သော ဓါတ်ပုံမှတ်တမ်းအချို့အား သမီးဖြစ်သူ ဒေါ်သန်းသန်းနုက စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်အစီစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် သတင်းထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူး ကင်းထောက်ကြီး ဦးတင်မောင်လတ်တို့သို့ ပေးအပ်လှူဒါန်းသည်။
ယင်းလှူဒါန်းသည့် ဓါတ်ပုံအချို့မှာ ဝန်ကြီးချုပ်ဟောင်း ဦးနု ကင်းထောက်ဝတ်စုံဖြင့် “လုပ်ငန်း တစ်ရပ်ငွေတစ်ကျပ်” ကင်းထောက်လှုပ်ရှားမှုစီမံချက် ဖော်ဆောင်ခဲ့မှု ဓါတ်ပုံမှတ်တမ်းများ၊ ကင်းထောက်လူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနေသော မှတ်တမ်းဓါတ်ပုံများနှင့် ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ ဒေါ်မြရီ ကင်းထောက်အမျိုးသမီး ဝတ်စုံဖြင့် ရိုက်ကူးထားသော ဓါတ်ပုံများ ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံကင်းထောက်သမိုင်းတွင် ကင်းထောက်ချုပ်ကြီးများအဖြစ် ဂုဏ်ပြုတာဝန်ထမ်း ဆောင်ခဲ့ကြသော မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတများဖြစ်ကြသည့် သမ္မတစဝ်ရွှေသိုက်နှင့် သမ္မတ မန်းဝင်းမောင်တို့၏ ကင်းထောက်ဝတ်စုံများဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သော မှတ်တမ်းဓါတ်ပုံများကိုလည်း သက်ဆိုင်ရာမိသားစုများမှတစ်ဆင့် ရရှိနိုင်ရန် စုဆောင်းရှာဖွေလျက်ရှိသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ဝ ကျော်က မွန်မြတ်သည့်စိတ်ဓါတ်ဖြင့် ဆောင်ရွက်ခဲ့သော မြန်မာ့ ကင်းထောက်လှုပ်ရှားမှုများနှင့် မြန်မာကင်းထောက်သမိုင်းများကို ပြည်သူများသိရှိနိုင်ပြီး သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ရေးသားထုတ်လွှင့် ပြသနိုင်ရန် ရှားပါးသောကင်းထောက်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ကင်းထောက်အသုံးအဆောင်ပစ္စည်းများ၊ စာရွက်စာတမ်း အထောက်အထားမှတ်တမ်းများကို မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် ဖုန်းနံပါတ်-ဝ၉ ၇၉၉၆၅၀၇၇၄၊ ဝ၉ ၆၉၅၄၁၉၈၀၂ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ သိရှိရသည်။
MDN


